Thursday, September 13, 2012

ဖားကန့်ဘဏ်တွင် လျှော့ချငွေလွှဲရန် သတ်မှတ်ထားခြင်းမရှိဟု ကမ္ဘောဇဘဏ်ဒုဥက္ကဋ္ဌရှင်းလင်း

ဝင့်သင်ဇာကျော် (မြစ်မခ)
12 Sep, 2012

ကချင်ပြည်နယ်ဖားကန့်မြို့မှ ကမ္ဘောဇဘဏ်ရှိရာမြို့များသို့ ငွေလွှဲမည်ဆိုပါက တစ်သိန်းနှင့်အထက် လွှဲ၍မရကြောင်း ကချင် ဒေသ ခံပြည်သူအချို့ ပြောဆိုနေကြသည့် သတင်းမှာမှားယွင်းကြောင်း ကမ္ဘောဇဘဏ်ဒုတိယဥက္ကဌ က ပြန်လည်ဖြေရှင်း ပြောကြား ခဲ့ သည်။

''အဲ့ဒီသတင်းမှားနေတာပါ။ ကျွန်တော်တို့ ဘဏ်လုပ်ငန်းရှင်ကို အဲ့လိုလာမေးတော့ ရီချင်တာပေါ့။ များများလွှဲတော့ ကျွန်တော် တို့ ဘက်က ပိုပြီးတော့တောင် ငွေပိုဝင်သေးတယ် လွှဲစေချင်တာပေါ့ တစ်သိန်းထက်ပိုပြီး ငွေလွှဲလို့ မရဘူးဆိုတာတော့ မဟုတ်ပါ ဘူး၊ ကျွန်တော်တို့ဘက်က သတ်မှတ်ထားတာ မရှိပါဘူး ''ဟု ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ဒုဥက္ကဌ ဦးသန်းလွင်က ပြောသည်။


ကချင်ပြည်နယ် ဖားကန့်မြို့တွင် ကမ္ဘောဇဘဏ်အပြင် မြဝတီဘဏ်ရှိနေခြင်းကြောင့် ကချင်ဒေသခံပြည်သူများအနေဖြင့် အခြား ဘဏ်များဖြင့်လည်း ငွေလွှဲနိုင်ကြောင်း ငွေများများလွှဲခြင်းဖြင့် ဘဏ်များအတွက် ငွေပိုရရှိနိုင်ခြင်းကြောင့် ငွေလျော့လွှဲရန် သတ် မှတ်ခြင်းမျိုးပြုလုပ်မည် မဟုတ်ကြောင်း ကိုလည်း ကမ္ဘောဇဘဏ် ဒုဥက္ကဌကဆက်လက်ပြောကြားခဲ့သည်။

''ဖားကန့်မှာ မြဝတီဘဏ်လဲရှိနေတာပဲ ကျွန်တော်တို့ ဘဏ်မရရင် မြဝတီဘဏ်မှာလွှဲမှာပေါ့၊ ဖေ့ဘုတ်တို့တခြား ဝက်ဆိုက်ဒ် တွေမှာ တင်ထားတာက သတင်းအမှားကြီးပါ ကျွန်တော်တို့ဘဏ်ကနေ ငွေများများလွှဲလို့ ကျွန်တော်တို့အတွက် ပိုရလေပဲလေ အဲ့ဒါကိုကျွန်တော်တို့က ပိတ်ပစ် ပါ့မလား''ဟု ဦးသန်းလွင်က ဆက်လက်ပြောဆိုခဲ့သည်။

၂ဝ၁၂ခုနှစ် စက်တင်ဘာလ(၁ဝ)ရက်နေ့တွင် ကချင်ပြည်နယ် ဖားကန့်မြို့မှ ကမ္ဘောဇဘဏ်သို့ ဒေသခံတစ်ဦးမှာ ငွေသွားလွှဲရာ တွင် တစ်သိန်း အထက်ပို၍ ငွေလွှဲမရခဲ့ကြောင်း ပြောကြားခဲ့သည်။

''ကျွန်တော် စက်တင်ဘာ ၁ဝရက်နေ့က ဖားကန့်မြို့ပေါ်က ကမ္ဘောဇဘဏ်မှာ ငွေသွားလွှဲတာ ဘဏ်အကောင့်ထဲမှာ ရှိပြီးသား လူတွေက ကြိုက်သလောက်လွှဲလို့ရတယ် အပြင်လူလွှဲမယ်ဆိုရင် တစ်သိန်းထက် ပိုပြီးလွှဲလို့မရဘူးလို့ ဘဏ်ဝန်ထမ်းက ပြော တယ်'' ဟု ဖားကန့်မြို့နေ ဦးလစိုင်းက ပြောသည်။

ကချင်ပြည်နယ် ဖားကန့်မြို့ရှိ ကမ္ဘောဇဘဏ်သည် နိုင်ငံရေးအခြေအနေကြောင့် တစ်သိန်းထက်ပို၍ ငွေလွှဲခွင့်မပေးသော်လည်း မည်သည့် ရက်အထိ လွှဲခွင့်မပေးမည်ကိုတော့ မသိရှိကြောင်း ငွေလွှဲခဲ့သူများထံက သိရှိရသည်။

''ကျွန်တော်သား ကျောင်းစရိတ်အတွက် ရန်ကုန်ကို တစ်သိန်းခုနှစ်သောင်း ငွေလွှဲတော့ ဘဏ်မန်နေဂျာက နိုင်ငံရေး အခြေ အနေကြောင့် ငွေတစ်သိန်းထက်ပိုပြီး လွှဲလို့မရဘူးတဲ့ ဒီနေ့တစ်ရက်တော့ ခွင့်ပြုလိုက်မယ်တဲ့ ဘယ်ရက်အထိတော့ ခွင့်ပြုမယ် မပြုဘူးတော့ မပြောဘူး'' ဟုဖားကန့်မြို့နေ ဦးအောင်ထွန်းဦးက ပြောသည်။

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ကမ္ဘောဇဘဏ် ၊ မြဝတီဘဏ်နှင့် အင်းဝဘဏ်တို့ ဖွင့်လှစ်ထားသော်လည်း ကမ္ဘောဇဘဏ်သည် ရန်ကုန်မြို့သို့ ငွေလွှဲမည်ဆိုပါက ပို၍အဆင်ပြေကြောင်းနှင့် ကချင်ပြည်နယ်ဒေသခံအများစုမှာ ကမ္ဘောဇဘဏ်ဖြင့်သာ ငွေလွှဲလေ့ ရှိကြောင်း ကိုလည်း သိရသည်။

Ref: မြစ်မခ

0 comments: