Thursday, September 13, 2012

ကချင်ထိုးစစ်အား အမြန်ဆုံးရပ်ဆိုင်းရန် ENC တောင်းဆို

အောင်အောင်(မြစ်မခ)
13 Sep, 2012

ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်တိုက်ခိုက်နေမှုအား ရပ်တန့်ရန် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က အမိန့်ထုတ်ပြန်ခဲ့ ပေမယ့် မြန်မာအစိုးရတပ်ဖွဲ့များ ဆက်လက်ထိုးစစ်ဆင်မှုများရှိနေကြောင်း တိုင်းရင်းသားလူမျိုးများကောင်စီ(ENC) ကသိရှိရသည်။

ထိုကဲ့သို့ထိုးစစ်ဆင်တိုက်ခိုက်နေမှုအား အမြန်ဆုံးရပ်ဆိုင်းရန်အတွက်လည်း တိုင်းရင်းသားလူမျိုးများကောင်စီ (ပြည်ထောင်စု မြန်မာ နိုင်ငံ) Ethnic Nationalities Council (Union of Burma) ENC အဖွဲ့က စက်တင်ဘာလ (၁၁)နေ့ ထိုင်း-မြန်မာနယ် စပ်တစ်နေရာတွင် ကျင်းပသည့် တတိယအကြိမ် ညီလာခံပြီးဆုံးချိန်တွင် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တတိယအကြိမ်ညီလာခံတွင် အလှည့်ကျ ဥက္ကဌအဖြစ် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်အား ရွေးချယ် ခဲ့သည်။

ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်မှုများ ဆက်လက်ပြုလုပ်နေဦးမည်ဆိုပါက အပစ်ရပ်ရေးသဘောတူညီမှုရထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့နှင့်ငြိမ်းချမ်းရေးဆွေးနွေးပြောဆို ဆက်ဆံမှုများအား ရပ်တန့်ရပ် အတွက် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ENCက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာရွှေခါး က ယခုကဲ့သို့ဆိုသည်။

"သမ္မတ သိန်းစိန်ကိုယ်တိုင်ကလည်း မြန်မာ စစ်တပ်တွေကို ထိုးစစ်ဆင်မှုတွေကို မလုပ်ဖူးဆိုပြီးတော့မှ သူက အမိန့်ထုတ် ထား တယ်၊ အဲ့ဒါတွေ အကုန်လုံး ကြည့်ပြီးတော့ ဒါကရပ်တန်းကရပ်သင့်ပြီပေါ့ ဆိုပြီးတော့ ရပ်ဆိုင်းဖို့ကို ကျွန်တော်တို့ တောင်းဆိုလိုက် တာဖြစ်တယ် "ဟု ဒေါက်တာရွေခါးက ပြောသည်။

လက်ရှိ ကချင်ပြည်နယ်တွင် စစ်ပွဲများဖြစ်ပွားနေခြင်းကြောင့် စစ်ပြေးဒုက္ခသည်(၉)သောင်းကျော်ရှိနေကြောင်းကိုလည်း ENCမှ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

ကချင်ဒုက္ခသည်များအတွက် နိုင်ငံတကာမှ အကူအညီအထောက်အပံ့များ အမြန်ဆုံးရောက်ရှိနိုင်ရေးအတွက် မြန်မာအစိုးရဘက်က တာဝန်ယူဆောင်ရွက်ပေးရန် လိုအပ်နေကြောင်းကိုလည်း ထောက်ပြပြောဆိုခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသားလူမျိုးများ နှစ်ဦးနှစ်ဖက် ညှိနှိုင်းသဘောတူညီပြီးမှသာ ပင်လုံကဲ့သို့သော ညီလာခံအပါအ၀င် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု(မူဘောင်) Framework များအား ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်နေကြောင်းကိုလည်း တတိယအကြိမ်ညီလာခံ၏ သဘောထားထုတ်ပြန် ချက်များအရ သိရှိရသည်။

‘’ကျွန်တော်တို့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ အပါအ၀င်ပေါ့ ပင်လုံကဲ့သို့သော် ညီလာခံက လုပ်မယ်ဆိုတဲ့ ဟာက အစိုးရဖက် ကလည်း ပြောတယ်၊ အဲ့ဒီဟာကို စောစောကတည်းကလည်း NLD အပါအ၀င် တခြား အတိုက်အခံတွေကလည်း ပြောတယ်၊ ကျွန်တော်တို့ ဖက်ကလည်း ဒါမျိုးကတော့ လုပ်သင့်တယ် ဆိုတာကိုတော့ ပြောနေကြတယ်၊ ဒါပေမယ့် ဘယ်လို ပုံစံနဲ့ လုပ် မယ်ဆိုတဲ့ Framework က ဘယ်သူ့မှာမှ မရှိဘူး၊ဒါမှမဟုတ် အမျိုးမျိုးရှိနိုင်တယ် ဘယ်သူလုပ်မယ်ဆိုတဲ့ဟာကို အဲ့ဒါကြောင့် ဒီ Framework ကို ကျနော်တို့ ပြည်တောင်စု အစည်းဝေးနဲ့ တိုင်းရင်းသားလူမျိုးတို့နဲ့ ညှိနှိုင်းပြီးတော့ သဘောတူထားတဲ့ဟာကို ချမှတ်အကောင်အထည်ဖော်သင့်တယ်၊”ဟု ENC အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ENCအဖွဲ့အား တိုင်းရင်းသားဒေသများရှိ ပြည်နယ်(၇)ခုမှ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်များနှင့် စုပေါင်း ဖွဲ့စည်းထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့