Wednesday, September 12, 2012

ဦးဥတ္တမ အောက်မေ့ဖွယ် အခမ်းအနား ပါတီများ ဦးဆောင်ကျင်းပ

သိန်းလှိုင်
စက်တင်ဘာလ ၁၁ ရက် ၂၀၁၂ ခုနှစ်

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်ခိုင်ဖြိုးပါတီများ ဦးဆောင်၍ ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူခြင်း နှစ် ၇၃ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို ရခိုင်ပြည်နယ် မြို့နယ်များတွင် ယခုလ ၉ ရက်နေ့က ကျင်းပခဲ့ကြသည်။

စစ်တွေမြို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP ရုံးတွင် ကျင်းပသည့် အခမ်းအနားသို့ ပါတီဝင်များနှင့် လူထု ၂ဝဝ ကျော် တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ကဗျာဆရာ စစ်တွေညိုသန့်၊ ဗဂျီးကျော်တို့က ဆရာတော်၏ ဂုဏ်ကျေးဇူး အကြောင်း ဟောပြောခဲ့ကြသည်။ ဆရာတော်နှင့် ပတ်သက်သည့် အမှတ်တရ နံရံကပ် စာစောင် စာမူပြိုင်ပွဲတွင် ဆုချီးမြှင့်ပေး ခဲ့သည်။

အခမ်းအနားများကို စစ်တွေ၊ တောင်ကုတ်၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း မြို့နယ်များတွင်လည်း RNDP က ဦးဆောင် ကျင်းပခဲ့ သည်။

တောင်ကုတ်မြို့နယ်တွင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဆောင်၍ အခမ်းအနားကျင်းပရာ ပါတီဝင် ၂ဝဝ ခန့် တက် ရောက်ခဲ့သည်ဟု NLD ပြည်နယ်ညီလာခံ ကျင်းပရေးကော်မရှင် အတွင်းရေးမှူး ဦးခင်လှ ကပြောသည်။

သံတွဲမြို့နယ် ဂျိတ္တော ကျေးရွာတွင်ကျောင်းသားလူငယ်များကလည်းကောင်း၊ တောင်ကုတ်မြို့နယ်ဆားပြင်ရွာတွင် NLD က လည်း ကောင်း၊ ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာတွင် RNDDP ကလည်းကောင်း ကျင်းပခဲ့ကြကြောင်း အသီးသီး ဦးဆောင်၍ ကျင်း ပခဲ့ကြသည်။

ယင်းအပြင် ရခိုင်ပြည်နယ် အစိုးရကလည်း စစ်တွေမြို့ ဦးဥတ္တမ ခန်းမတွင် သံဃာတော်များကို အာရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်၍ ဆရာတော်အတွက် အောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပပေးခဲ့သည်။

ဆရာတော် ပျံလွန်ခြင်း ၇၃ နှစ်မြောက်နေ့တွင် NLD၊ RNDP၊ USDP ပါတီဝင်များအပါအဝင် ဒေသခံများသည် စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံရှိ ဆရာတော်ရုပ်ထုရှေ့တွင် ပန်းဆီမီးများ လှူဒါန်းပူဇော်ခဲ့ကြသည်။

ယခုနှစ်တွင် ပါတီများ ဆရာတော် ဦးဥတ္တမနှင့်ပတ်သက်သည့် အခမ်းအနားများ ကျင်းပနိုင်ခဲ့သော်လည်း ၂ဝ၁ဝ ခုနှစ် ဆရာ တော် ပျံလွန်ခြင်း ၇၁ နှစ်မြောက်နေ့တွင် ဦးဥတ္တမပန်းခြံအတွင်းရှိ ရုပ်တုရှေ့၌ ၅ မိနစ်ခန့် ဦးချ ဂါရဝပြုမည့် အစီအစဉ်ကို “နိုင်ငံရေးပါတီများ ဟောပြောစည်းရုံး မဲဆွယ် ရန်မသင့်သည့် လုံခြုံရေးအရ ကန့်သတ်ဧရိယာ” ဟူသည့် အကြောင်းပြချက်ဖြင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်မှ တားမြစ်ခြင်းရှိခဲ့သည်။

ကိုလိုနီခေတ် ၁၈၇၉ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၃၉ ခုတွင် ပျံလွန်တော်မူခဲ့သည့် ဆရာတော်သည် မြန်မာ တနိုင်ငံလုံး ဗြိတိသျှ ကိုလိုနီလက်အောက်မှ လွတ်မြောက်ရေး အတွက် ကြိုးပမ်းခဲ့ပြီး သူ၏ သက်တော် ၆ဝ အတွင်း အင်္ဂလိပ် အစိုးရ၏ ဖမ်းဆီးခြင်း ကို အကြိမ်ကြိမ် ဖမ်းဆီးခြင်းခံခဲ့ရသည်။

ထိုစဉ်က မြန်မာပြည် ဒိုင်အာခီ အုပ်ချုပ်ရေး ဒုတိယ ဘုရင်ခံ Sir Reginlad Henry Craddock အား မြန်မာပြည်မှ ထွက်သွားရန် “ကရက်ဒေါက် ဂက်အောက်” ဟု နှစ်ထုတ်ခဲ့သည့်အတွက်ကြောင့် ရခိုင်အမျိုးသား ဆရာတော် ဦးဥတ္တမသည် ပိုထင်ရှားလာခဲသည်။

ဆရာတော်သည် ယိုးဒယား၊ အင်ဒိုနီးရှား၊ အမေရိကား၊ ဥရောပ နိုင်ငံများ အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ အင်ဒိုချိုင်းနား တို့သို့ သွားရောက် လေ့လာရေးခရီးထွက်ကာ အတွေ့အကြုံများကို ပြန်လည်ဟောပြောခြင်းဖြင့် မြန်မာပြည်သူများအား နိုင်ငံရေး မျက်စိ ဖွင့်ပေးခဲ့သည်။ ဆရာတော်သည် ၁၉၃၉ စက်တင်ဘာ ၉ ရက်နေ့တွင် ရန်ကုန် ဆေးရုံကြီး၌ ပျံလွန်တော်မူခဲ့သည်။

ဆရာတော်ပျံလွန်တော်မူခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့ကို ရခိုင်အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် RNDP ပါတီက ရည်သန် လျက်ရှိနေသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့