Thursday, September 13, 2012

Western Union နဲ့ မြန်မာဘဏ် နိုင်ငံတကာငွေလွှဲလုပ်ငန်းစတင်ဖို့ သဘောတူ

မအေးသန္တာကျော်
12.09.2012

နိုင်ငံတကာ ငွေလွှဲကုမ္ပဏီကြီးဖြစ်တဲ့ Western Union နဲ့ မြန်မာနိုင်ငံက မြန်မာ Oriental ဘဏ်တို့ ပူးပေါင်းပြီးတော့ တရားဝင် ငွေလွှဲပြောင်းမှု၊ ဝန်ဆောင်မှုလုပ်ငန်းကို ဒီနှစ်မကုန်ခင်မှာ စတင်တော့ မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံရပ်ခြားမှာ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန် မာနိုင်ငံသားတွေအနေနဲ့ နီးစပ်ရာ၊ ဒါမှမဟုတ် တရားဝင်မဟုတ်တဲ့ ငွေလွှဲ ပြောင်းတဲ့ နည်းလမ်းတွေ ကို အသုံးမပြုတော့ဘဲ မြန်မာနိုင်ငံကို တရားဝင် ငွေလွှဲပြောင်းနိုင်တော့မယ်လို့ မြန်မာနိုင်ငံ ဘဏ် အသိုင်းအဝိုင်းက ပြောပါတယ်။ အပြည့်အစုံကို မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ မနှစ်ကစပြီးတော့ ဒီမိုကရေစီရေး အပြောင်းအလဲတွေ ဖြစ်ပေါ်လာပြီးကတည်းက အနောက်နိုင်ငံတွေက အဆင့်မြင့် ကိုယ်စားလှယ်တွေ စီးပွားရေးလုပ်ငန်းတွေရဲ့ ကိုယ်စား လှယ်တွေ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံလာနေကြတာမှာ အခု Western Union ရဲ့ ဝန်ဆောင်မှု မြန်မာနိုင်ငံမှာ စတင်တော့မယ်ဆိုတဲ့ ဖြစ်ရပ်က နောက်ဆုံးတွေ့ရတဲ့ စီးပွားရေးတိုးတက် ပြောင်းလဲမှု တခုပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် အရေးကြီးလှတဲ့ အသွင် ကူးပြောင်းမှု လုပ်ငန်းစဉ်မှာ အခုလို မျိုး ပါဝင်ခွင့်ရ တဲ့အတွက် အထူးဝမ်းမြောက်မိပါကြောင်း Western Union ရဲ့ ဟောင်ကောင်က Asia Pascific ရုံးချုပ် Cooperate Communication ဌာနက ဒု-ဥက္ကဋ္ဌ Pai De Lima က ဗွီအိုအေကို အခုလို ပြောပါတယ်။

"မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စီးပွားရေးဆိုင်ရာ ပြောင်းလဲဖွံ့ဖြိုးမှုတွေကို အထောက်အကူပေးတဲ့ အနေနဲ့ ကျမတို့အနေနဲ့ လက် တွဲလုပ်ဆောင်မယ့် Myanmar Oriental Bank ရော မြန်မာ ဗဟိုဘဏ် ဘက်ကပါ စီစဉ်ဆောင်ရွက်စရာတွေကို မြန်မြန် ဆန်ဆန်ပဲ ဆောင်ရွက်ပေးတာတွေ့ရလို့ အထူး သဘောကျမိပါတယ်။ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ ဒီ အပြောင်းအလဲ ကာလ မှာ တထောင့် တနေရာက ပါဝင်ခွင့်ရတဲ့အတွက် Western Union အနေနဲ့ အင်မတန် ဂုဏ်ယူမိပါတယ်။

အခုထိတော့ အခက်အခဲရယ်လို့ သိပ်မတွေ့ရသေးပါဘူး။ ဒါပေမဲ့ ဒီ ငွေလွှဲပြောင်းတဲ့ ဝန်ဆောင်မှုကို ဘယ်လို စတင်မလဲ၊ မြန်မာ ဗဟိုဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဘောင်ဝင်အောင် လုပ်ငန်းတွေ ကို ဘယ်လိုဆောင်ရွက်မလဲ ဆိုတာတွေမှာ သေချာ အောင် လုပ်ရပါမယ်။ ကျမတို့ ငွေလွှဲစနစ် ကို မြန်မာနိုင်ငံမှာ ဘယ်လိုအသုံးပြုမလဲဆိုတာနဲ့ ဘယ်လို ချိတ်ဆက်ထားမလဲဆိုတာ တွေ အပြင် ဝန်ထမ်းတွေကို လေ့ကျင့်သင်တန်းပေးဖို့၊ ဒါတွေအကုန်စီစဉ်နေပါတယ်။

နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ မြန်မာတွေ အဆင်ပြေပြေနဲ့ မြန်မာနိုင်ငံကို စိတ်ချယုံကြည်စွာ ငွေ လွှဲပြောင်းနိုင်ဖို့ အခုတော့ သဘောတူလက်မှတ်လည်း ထိုးပြီးပြီဆိုတော့ Western Union နဲ့ မြန်မာ့ Oriental ဘဏ်တို့ လက်တွဲပြီး ဒီလုပ်ငန်းကို စတင်ဆောင်ရွက်နေကြပါပြီ။"

Western Union Asia Pacific ရုံးချုပ်က ပြောရေးဆိုခွင့်ရှိတဲ့ Cooperate Communication ဌာနက ဒု-ဥက္ကဋ္ဌ မစ္စ် ဒလီမား ပြောသွားတာဖြစ်ပါတယ်။ Western Union ကုမ္ပဏီက နိုင်ငံပေါင်း ၂၀၀ မှာ ဌာနခွဲပေါင်း ၅၀၀,၀၀၀ နဲ့ ငွေအလွှဲအပြောင်း ကိစ္စရပ်တွေအတွက် ဝန်ဆောင်မှု ပေးနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း အခုလို နိုင်ငံတကာနည်းတူ တရားဝင်ငွေလွှဲပြောင်းမှုစံနစ် ရှိလာမယ် ဆိုရင် နိုင်ငံခြားကိုရောက်ပြီး အလုပ် လုပ်နေကြတဲ့ မြန်မာနိုင်ငံသား နှစ်သန်းလောက်က အချိန်တိုတို နဲ့ မြန်မာနိုင်ငံကို တရားဝင် ငွေတွေ လွှဲပြောင်းပေးအပ် နိုင် တော့မှာပါ။ ဒါကြောင့်မို့လို့ ငွေလွှဲချင်တဲ့ သူတွေအတွက်ရော နိုင်ငံအတွက်ပါ အကျိုးများမှာဖြစ်ပါတယ်လို့ မြန်မာနိုင်ငံဘက်က ဝန်ဆောင်မှုပေးမယ့် မြန်မာ Oriental Bank က အကြီးတန်း အထွေထွေမန်နေဂျာ ဦးသန်းဝင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

"တရားဝင်လာတဲ့ ပိုက်ဆံတွေကို အစိုးရအနေနဲ့ကလည်း အားပေးတာကိုး။ နိုင်ငံခြားဝင်ငွေလည်း ရတာကိုး။ နိုင်ငံအရပ်ရပ်မှာရှိတဲ့ ကိုယ့်ရဲ့နိုင်ငံသားတွေရဲ့ငွေ ပြန်ပို့ဖို့ကလည်း တချို့နေရာတွေကျတော့လည်း အခက်အခဲရှိတာကိုး။ အရင်တုန်းကလည်း ဟွန်တီတွေ ပိုက်ဆံလိမ်သွားတာတွေ ဘာတွေ ရှိခဲ့ဖူးတာကိုး။ ပို့တဲ့သူကလည်း စိတ်ချယုံကြည်ရတဲ့သူတွေလည်း ရှိကောင်းရှိမှာပေါ့။ ဒါပေမဲ့ ဒီလို အဖွဲ့ကြီးနဲ့လုပ်တာက ပိုပြီးတော့ ကောင်းမယ်လို့ ကျနော်တို့လည်း ယူဆပါတယ်။ တရက်အတွင်းနဲ့၊ မိနစ်ပိုင်းအတွင်းနဲ့လို အဆင်ပြေနိုင်ပါတယ်။ သူက မြန်ဆန်တယ်၊ မှန်ကန်တယ်၊ တိကျတယ်။"

မြန်မာ Oriental Bank က အကြီးတန်း အထွေထွေမန်နေဂျာ ဦးသန်းဝင်း ပြောသွားတာပါ။ မြန် မာနိုင်ငံမှာ စတင်တည် ထောင်လာခဲ့တာ နှစ်နှစ်ဆယ် ပြည့်တော့မှာဖြစ်တဲ့ မြန်မာ Oriental Bank ရဲ့ ရန်ကုန်က ဘဏ်ခွဲ ရှစ်နေရာအပါအဝင် နိုင်ငံတဝှန်းဘဏ်ခွဲ ၁၉ နေရာကနေပြီးတော့ Western Union ရဲ့ ဝန်ဆောင်မှုနဲ့ ငွေလွှဲပြောင်းစံနစ်ကို အသုံးပြုနိုင်မှာဖြစ် တယ်လို့ မြန်မာ Oriental Bank က ပြောပါတယ်။

ဒါပေမဲ့ လောလောဆယ်တော့ နိုင်ငံတကာကပဲ မြန်မာနိုင်ငံကို ငွေလွှဲလို့ရမှာဖြစ်ပြီး မြန်မာနိုင်ငံဘက်က နေပြီးတော့ နိုင်ငံရပ်ခြား ကို ငွေပို့လို့ ရနိုင်သေးမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

မြန်မာနိုင်ငံအပေါ်မှာ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနဲ့ သြစတြေးလျနိုင်ငံတို့က ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုတချို့ကို ဖယ်ရှားပေးပြီးတော့ သုံးလအကြာမှာပဲ အခုလိုမျိုး မြန်မာနိုင်ငံကို တရားဝင် ငွေလွှဲပြောင်းရေး ဝန်ဆောင်မှု စတင်ဖို့အတွက် မြန်မာနိုင်ငံကဘဏ်တခုနဲ့ နိုင်ငံတကာ ငွေလွှဲပြောင်းရေးကုမ္ပဏီတို့ သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်ရှင်။


Ref: ဗွီအိုအေ

0 comments:

အပေါ်သို့