Tuesday, September 11, 2012

တိုက်ပွဲကြောင့်မဟုတ်ပဲ မိုးညှင်းဒေသတွင် ဆန်တစ်အိတ် ကျပ်(၂၀၀၀၀)အထိ ဈေးမြင့်နေ

ငြိမ်းချမ်း(မြစ်မခ)
11 Sep, 2012

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် ဆန်တစ်အိတ်လျှင် ကျပ်(၂၀၀၀၀)၀န်းကျင်အထိ ဈေးနှုန်းမြင့်တက်လာကြောင်း ဆန်စက် ပိုင်ရှင်များထံက သိရှိရသည်။

ကချင်ပြည်နယ်တွင် ယခင်နှစ်က (မိုးညှင်းဆန်) ချင်းတုန်း အမျိုးအစား ဆန်တစ်အိတ်လျှင် ကျပ်(၁၆၀၀၀)၀န်းကျင် အထိသာ ဈေးရှိခဲ့ရာမှ ယခုတွင် ဆန်တစ်အိတ်လျှင် ကျပ်(၂၀၀၀၀)၀န်းကျင်အထိ ရောက်ရှိနေခြင်း ဖြစ်သည်။

"ကချင်ပြည်နယ်မှာတိုက်ပွဲဖြစ်လို့စပါးဈေးတက်တာတော့ မဟုတ်ဘူး၊ ဖားကန့်မှာတောင် ဆန်တစ်အိတ်ကို နှစ်သောင်းတစ်ထောင် လောက်ပဲရောင်းတာ ဒီနှစ်က ဆန်ဈေးတက်လောက်တယ်" ဟုမိုးညှင်းမြို့နယ်ရှိ တောင်သူတစ်ဦးမှ ပြောသည်။

ယမန်နှစ် မိုးရာသီအချိန်တွင်စပါးတစ်တင်းလျှင် အမြင့်ဆုံး ကျပ်(၃၇၀၀)အထိသာ ရောက်ရှိခဲ့ရာမှ ယခုနှစ်တွင် ကျပ်(၅၀၀၀) ကျော်သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

"အခု စပါးတစ်တင်းကို ငါးထောင့်နှစ်ရာ၊ ငါးထောင့်သုံးရာ ပေါက်ဈေး ရှိနေတယ်။ ဒီနှစ်က စပါးဈေး ကောင်းမယ် ထင်တယ် ၊ နှစ်စထဲက လေးထောင်ကျော်ရှိတယ်၊ အခုအချိန်မှာ စပါးဝယ်ပြီး ကြိတ်ရင်မကိုက် တော့ဘူး"ဟု မိုးညှင်းမြို့နယ်ရှိ ဆန်စက်ပိုင်ရှင် ကိုခွန်ချိုဦးက ပြောသည်။

ကချင်ပြည်နယ် မိုးညှင်းဒေသတွင် စပါးစိုက်ဧက တစ်သိန်းကျော်ရှိပြီး ဒေသအခေါ် ရှမ်းဆန်အမျိုးအစား ဖြစ်သည့် ချင်းတုန်းဆန် စိုက်ပျိုးမှုများပြီး ထွက်ရှိသည့် ဆန်များအား မန္တလေးတိုင်းဒေသကြီးသို့ မီးရထားလမ်း ကြောင်းမှ တင်ပို့မှုများကြောင်း ဆန်ကုန် သည်များထံက သိရသည်။

ယခုနှစ်သြဂုတ်ထဲတွင် ဧရာဝတီတိုင်း၌ မိုးရေကြီးမှု့ဖြစ်ပေါ်ပြီး လယ်ယာဧက တစ်သိန်းကျော် ရေနှစ်မြုပ်ခဲ့ ခြင်းကြောင့် ဧရာဝတီ တိုင်းရှိ တောင်သူလယ်သမားများမှာ စပါးစိုက်ရန် အခက်တွေ့လျက်ရှိပြီး ယခုနှစ်စပါး ထွက်နှုန်း လျော့ကျဖွယ်ရှိခြင်းကြောင့် ယခု လို စပါးဈေးမြင့်တက်ခြင်းဖြစ်သည်ဟု ဆန်အရောင်းအ၀ယ်လုပ် သူများအသိုင်းအ၀ိုင်းက သုံးသပ်လျက်ရှိသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့