Thursday, September 13, 2012

အခက်အခဲများကြောင့် ဖားကန့်ဒုက္ခသည်စခန်းမှ ဒုက္ခသည်အချို့ နေရပ်ပြန်ကြပြီ

ရန်နိုင်(မြစ်မခ)
13 Sep, 2012

နေထိုင်စားသောက်ရေး အခက်အခဲများကြောင့် ဖားကန့်မြို့ပေါ်ရှိ ဒုက္ခသည် စခန်းများမှ ဒုက္ခသည်အချို့မှာ မိမိတို့ နေရပ်များ ဆီသို့ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း ဒေသခံများထံက သိရှိရသည်။

သြဂုတ်လအတွင်းမှစတင်ကာ မြန်မာ့တပ်မတော်နှင့် KIA တပ်များ နှစ်ဘက်အပြန်အလှန်တင်းမာမှုများကြောင့် တိုက်ပွဲများ ပြင်းပြင်း ထန်ထန်ဖြစ်ပွားခဲ့ပြီး ဖားကန့်မြို့နယ်နှင့်အနီးတ၀ိုက်ရှိ ကျေးရွာ(၁၀)ရွာကျော်မှ ဒေသခံများသည် ဖားကန့်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြ၍ မြို့ပေါ်ရှိယဉ်ကျေးမှုကျောင်းများ၊ ဗုဒ္ဓဘုန်းတော်ကြီး ကျောင်းများ၊ ကက်သလစ်ဘုရားကျောင်းများ၊ ခရစ်ယာန်ကျောင်းများတွင် ခိုအောင်းနေခဲ့ကြသည်။

“ဒေသခံအချို့ကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တည်းက အချို့ပြန်ကုန်ကြတာမျိုးရှိတယ်။ အစားအသောက် လိုအပ်ချက်တွေလည်း ရှိနေတယ်လေ။ ပြီးတော့ အစိုးရဘက်က အင်အားဆက်တိုက်ဖြည့်နေတာမျိုးရှိတော့ အခု ဖားကန့်နားမှာ နည်းနည်းပြန်ငြိမ် သွားတယ်”ဟု လုံးခင်းမြို့နယ်မှ ဒေသခံတစ်ဦးဖြစ်သူ ဦးစိုင်းမောင်လှ မှ ပြောသည်။

လက်ရှိချိန်အထိ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားမှုမျိုး မရှိတော့သော်လည်း လုံးခင်းကျေးရွာနှင့် သုံးမိုင်အကွာ ခန့်တွင် ပစ်ခတ် မှုများ ရှိနေသေးကြောင်းနှင့် တစ်ခါတစ်ရံလက်နက်ကြီးနှင့် ပစ်ခတ်သံများကြားနေရသည်ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိ အချိန်အထိ ဖားကန့်မြို့ပေါ်တွင် လာရောက်ခိုအောင်းနေသာ ဒုက္ခသည်ဦးရေ တစ်သောင်းကျော်တွင် ရှိသည်ဟု ကယ် ဆယ်ရေးစခန်းများတွင် ကူညီနေကြသူများထံက သိရှိရသည်။

“တချို့လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အစားအသောက်တွေကို တက်နိုင်သလောက်တော့ ကူညီနေကြပါတယ်။ တချို့ကတော့ နည်းနည်း ပြန်ငြိမ်သွားပြီဆိုပြီး ကိုယ့်နေရပ်ကိုယ် ပြန်သွားကြတဲ့သူတွေလည်း ရှိတယ်။ တစ်ခါတစ်ရံ ပစ်ခတ်သံတွေ ကြားနေရတော့ ကျွန်တော်တို့ကတော့ စိတ်ချရတဲ့အခါမှ ပြန်ပါလို့ပြောပါတယ်”ဟု ဒုက္ခသည်စခန်းတစ်ခုတွင် ကူညီနေသူ ဒေသခံလူငယ် တစ်ဦး က ပြောသည်။

တပ်မတော်အစိုးရမှ အင်အားဖြည့်တင်းမှုများကြောင့် ဖားကန့်မြို့နှင့် အနီးတ၀ိုက်တွင် ပြန်လည်ငြိမ်သက်လာ သော်လည်း မငြိမ် မသက်မှုများကြောင့် ပိတ်ထားရသည့် ဖားကန့်မြို့နှင့် အနီးတ၀ိုက်ရှိ ကျောက်တူးဖော်ရေး ကုမ္ပဏီများထဲသို့ ရေမဆေးကျောက် လုပ်သားများ ကြူးကျော်ဝင်ရောက်၍ ကျောက်တူးဖော်ခြင်းများနှင့် အဆောက်အဦးများမှ ပစ္စည်းများဝင်ရောက်ယူငင်ခြင်းများမှာ ရှိနေဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“တိုက်ပွဲအခြေအနေကတော့ ငြိမ်သက်နေပါပြီ၊ ဒါပေမဲ့ မြန်မာနိုင်ငံအနှံအပြားကနေလာကြတဲ့ ရေမဆေး လုပ်သားတွေ က ကျောက်တူးဖော်ရေးလုပ်ငန်းတွေထဲကို ၀င်ပြီးတော့ ပစ္စည်းယူတာတွေ၊ ကျောက်တူးတာတွေ ကြောင့် ဒေသခံရဲတွေကနေပြီး မကြာခဏလူစုခွဲတာမျိုး လုပ်နေတာကို တွေ့ရတယ်”ဟု လုံးခင်းမြို့နယ်မှ ဒေသခံတစ်ဦးဖြစ်သူ ဦးလဆိုင်းက ပြောသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့