Thursday, February 24, 2011

ကောလာဟလကြောင့် ကမ္ဘောဇဘဏ်မှ ငွေထုတ်ယူသူများ

ရန်ပိုင် ။
Wednesday, 23 February 2011 ။

ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးအား အနားပေးလိုက်ပြီ ဆိုသည့် ကောလာဟလ သတင်းများ ပြီးခဲ့သည့် ရက်ပိုင်းက ထွက်ပေါ်လာ ပြီးနောက် ၎င်းနှင့်နီးစပ်သူ တဦးဖြစ်သည့် ဦးအောင်ကိုဝင်း ပိုင်ဆိုင်သော ကမ္ဘောဇဘဏ် (KBZ) မှ အပ်နှံငွေများကို ထုတ်ယူသူ ပိုမို များပြားနေကြောင်း သိရသည်။

ကောလာဟလ သတင်းများထွက်ပေါ်ပြီးနောက် စစ်အစိုးရ သတင်းစာတွင် ဦးအောင်ကိုဝင်းနှင့် ဇနီး
လူမှုကူညီရေးအသင်းတခုသို့ လူနာတင်ယာဉ်တစီး လှူဒါန်းကြောင်း
ဓာတ်ပုံနှင့် ဖော်ပြထားသည် (ဓာတ်ပုံ - NLM)

ယင်းသို့ အပ်နှံငွေများ အလုံးအရင်းဖြင့် ထုတ်ယူ နေခြင်းမှာ မကြာမီက ထွက်ပေါ်လာသည့် စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ အကြား အာဏာ ခွဲဝေမှုနှင့် ပတ်သက်၍ မကျေလည်မှု ဖြစ်ပွားနေပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးအား ဖမ်းဆီး လိုက်သည် ဟူသော ကောလာဟလ များကြောင့် ဖြစ်ကြောင်း၊ ထို့အပြင် ဦးအောင်ကိုဝင်းကိုလည်း သက်ဆိုင်ရာက လုပ်ငန်း လုပ်ကိုင်ခွင့် ပိတ်ပင်လိုက်ပြီ ဟူသော သတင်းများကြောင့် ဖြစ်ကြောင်း ရန်ကုန် စီးပွားရေး အသိုင်းအ၀ိုင်းက ပြောသည်။

ထိုသို့ အပ်နှံငွေများ ထုတ်ယူခြင်းသည် တောင်ကြီးမြို့ ကမ္ဘောဇဘဏ်မှ စတင်ခဲ့ပြီး ယခုအခါ မန္တလေး၊ ရန်ကုန်စသည့် မြို့ကြီး များ၌လည်း ထုတ်ယူနေကြောင်း သိရသည်။

မြန်မာရှေ့ဆောင်ဘဏ်မှ ၀န်ထမ်းတဦးက “လူတွေက ဦးအောင်ကိုဝင်း အဖမ်းခံရတယ် ကြားပြီး ငွေတွေကို ထုတ်၊ ပြီးတော့ ကျနော်တို့ဆီ လာသွင်း လုပ်နေကြတယ်၊ မနေ့က ပိုတောင်များသေးတယ်” ဟု ဆိုသည်။

ထိုသတင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့ ပြည်လမ်းရှိ ကမ္ဘောဇဘဏ် ရုံးချုပ်မှ တာဝန်ရှိသူ တဦးကို ဧရာဝတီမှ ဆက်သွယ် မေးမြန်းရာ မဟုတ်မှန်ကြောင်း ငြင်းဆိုသွားပြီး ကောလာဟလ သတင်းများသာ ဖြစ်ကြောင်း၊ ကမ္ဘောဇ ဘဏ်၏ လစဉ် ငွေသွင်း ငွေထုတ် လုပ်ငန်းများသည် တနိုင်ငံလုံး အတိုင်း အတာဖြင့် ပုံမှန်အတိုင်း ဆောင်ရွက်နေပြီး ဘဏ်ခွဲများ ထပ်မံတိုးချဲ့ရန်ပင် စီစဉ်နေကြောင်း ပြောသည်။

ကမ္ဘောဇဘဏ်သည် နိုင်ငံအနှံ့တွင် ဘဏ်ခွဲပေါင်း ၅၀ ကျော် ဖွင့်လှစ် လုပ်ကိုင်နေပြီး ဦးအောင်ကိုဝင်းက ကမ္ဘောဇ ဘဏ်၏ ဥက္ကဋ္ဌ၊ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်နန်းသန်းထွေးက ဒု ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်နေသည်။ ပုဂ္ဂလိက ဘဏ်များတွင် အင်အား တောင့်တင်းသည့် အကြီးဆုံး ဘဏ်လည်း ဖြစ်သည်။ လက်ရှိတွင်လည်း ဦးအောင်ကိုဝင်းက မြန်မာနိုင်ငံ ဘဏ် လုပ်ငန်းရှင်များ အသင်း၌ တွဲဖက် အတွင်းရေးမှူး တာဝန် ယူထားသည်။

၁၉၈၈ ခုနှစ် နောက်ပိုင်း ရှမ်းပြည်နယ် တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာချုပ်တွင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး တိုင်းမှူးအဖြစ် ဆောင်ရွက်နေစဉ် ဦးအောင်ကိုဝင်းမှာ ရှမ်းရိုးမ ကုန်တိုက်၏ အ၀ယ်တော် တဦးဖြစ်ပြီး နောက်ပိုင်းတွင် ပတ္တမြား၊ နီလာ စသည့် ကျောက်မျက် ရတနာများ ထွက်သည့် မိုင်းရှုး ကျောက်တွင်းများတွင် တာဝန်ခံအဖြစ် ခန့်အပ် ခံခဲ့ရသည့် အထိ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့သည်။

နောက်ပိုင်းတွင် ဦးအောင်ကိုဝင်းအား ကမ္ဘောဇဘဏ် တည်ထောင်ပြီး လုပ်ကိုင်ခွင့် ပေးခဲ့သည် သာမက နိုင်ငံတော်ပိုင် MAI ဟု လူသိများသည့် မြန်မာ လေကြောင်းလိုင်းကို ၀ယ်ယူခွင့် ပြုခဲ့သည်။

ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးအား ဖမ်းဆီးလိုက်ပြီး သားမက်ဖြစ်သူ ဗိုလ်မှူး ပြည်အောင် ကိုလည်း စစ်တပ်မှ ထုတ်ပယ် လိုက်ကြောင်း၊ ဦအောင်ကိုဝင်း ကိုလည်း ဖမ်းဆီး လိုက်ကြောင်း ကောလာဟလများ ပြည်သူများ အကြား ပျံ့နှံ့ခဲ့ပြီးနောက် ထိုသတင်းများကို တုံ့ပြန်သည့် သဘောဖြင့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ဇာတိ ဖြစ်သည့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ်ကို ဖော်ပြခဲ့သည်။

ထိုခရီးစဉ်တွင် ဒု ဗိုလ်ချုပ်မှူးကြီးနှင့် ဇနီး ဒေါ်မြမြစန်း၊ သမီးဖြစ်သူ နန္ဒာအေး၊ သားမက် ဗိုလ်မှူး ပြည်အောင် တို့သာမက ဦးအောင်ကိုဝင်းနှင့် ဇနီး ဒေါ်နန်းသန်းထွေးတို့ လှူဒါန်းနေသည့် ဓာတ်ပုံများကို ထည့်သွင်း ဖော်ပြကာ ထွက်ပေါ်နေသည့် သတင်းများ မဟုတ်မှန်ကြောင်း အစိုးရ သတင်းစာများမှ နေ၍ တုံ့ပြန်ခဲ့သည်။

ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တဦးက “တခုခု ဖြစ်ပြီဆိုရင် ဒီလိုပဲ၊ သူတို့ ဘာမှ မဖြစ်ကြောင်း တုံ့ပြန်တဲ့ သဘောပါ၊ စီဘီဘဏ် ဥက္ကဋ္ဌ ကိုခင်မောင်အေးတုန်း ကလည်း သူအဖမ်း မခံရကြောင်း ဒီလိုပဲ နည်းမျိုးစုံနဲ့ သတင်းစာမှာ ကြော်ငြာရတယ်” ဟု မှတ်ချက်ပေးသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်းကလည်း နေပြည်တော်ရှိ နိုင်ငံတော် ဧည့်ဂေဟာ ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင် နေသည့် စီဘီဘဏ် အုပ်စု လုပ်ကိုင်ခွင့် ရပ်ဆိုင်း ခံခဲ့ရပြီးနောက် စီဘီဘဏ် ပြိုလဲတော့မည်၊ ဥက္ကဋ္ဌ ဦးခင်မောင်အေးကို ဖမ်းထားပြီ စသည့် ကောလာဟလများ ထွက်ပေါ်ခဲ့သေးသည်။

ထိုသတင်းများနှင့် ပတ်သက်၍ စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးသည် မြန်မာနိုင်ငံ ဘဏ်များ အသင်း အစည်း အဝေးတွင် ပြည်ထဲရေး ၀န်ကြီးကို ဖိတ်ကြား၍ ၎င်း အဖမ်းခံရသည် ဆိုသည့် သတင်းမှာ ကောလာဟလ ဖြစ်ကြောင်း၊ ၀န်ကြီး သက်သေရှိကြောင်း ပြောဆိုသည့် အပြင် သတင်းစာများမှ နေ၍ ဘဏ်သင်တန်းကျောင်း ဖွင့်လှစ်ခြင်း၊ ဘဏ်နှင့် ပတ်သက်သည့် အလုပ် နေရာများ ခေါ်ယူခြင်း၊ ၎င်း၏ မွေးနေ့ဆုတောင်းများ ထည့်စေခြင်းဖြင့် ဖြေရှင်းခဲ့သည်။

စစ်အစိုးရသည် နိုင်ငံတော်လိုအပ်ချက်ဟူသော အကြောင်းပြချက်ဖြင့် ၎င်းတို့နှင့် နီးစပ်သည့် လုပ်ငန်း ရှင်ကြီးများကို ဘဏ်သစ်များ ဖွင့်လှစ် လုပ်ကိုင်စေရာ ဦးတေဇကို အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ဦးဇော်ဇော်ကို ဧရာဝတီဘဏ်၊ ဦးနေအောင်အား ယူနိုက်တက် အမရာဘဏ်၊ ဦးချစ်ခိုင်အား မြန်မာ့ရှေ့ဆောင်ဘဏ် ဟူ၍ အသီးသီး ဖွင့်လှစ် စေခဲ့သည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့