Friday, February 25, 2011

အာရပ်တော်လှန်ရေးက မွေးဖွားလိုက်တဲ့ မြန်မာ လူငယ်များရဲ့ Just Do It လှုပ်ရှားမှု

Friday, 25 February 2011

တူနီးရှားမှ အစ ပြုခဲ့တဲ့ အာရပ် တော်လှန်ရေးမှာ ‘ဒိုမီနို အကျိုး သက်ရောက်မှု’ ပုံစံဖြင့် အရှေ့ အလယ်ပိုင်းနဲ့ မြောက်အာဖရိက တစ်နိုင်ငံပြီး တစ်နိုင်ငံ ဇယ်စက်သလို ကူးသွားပြီး အာဏာရှင်တွေ ပြုတ်ကျဖို့ ဖန်တီးလာသည်။

၎င်း ‘ဒိုမီနို အကျိုးသက်ရောက်မှု’ (domino effect) က အာရပ် ကမ္ဘာမှာတင် အပြောင်း အလဲများ ဖြစ်နေတာ မဟုတ်ဘဲ၊ ကမ္ဘာအနှံရှိ အာဏာရှင် နိုင်ငံတွေကိုပါ ‘လိပ်ပြာတောင်ပံ အကျိုးသက်ရောက်မှု’ (butterfly effect) ပုံစံနဲ့ လှိုင်းရိုက်ခတ် လာသည်။

တူနီရှား လိပ်ပြာ တစ်ကောင်ရဲ့ အတောင်ပံ တစ်ချက် ခတ်လိုက်မှုက အီဂျစ်၊ ဘာရိန်း၊ လစ်ဗျား စတဲ့ နိုင်ငံတွေမှာ ဆိုင်ကလုန်း ဖြစ်သွားစေပြီး၊ ယခု တရုတ်၊ မြန်မာ စတဲ့ အာရှ အာဏာရှင် နိုင်ငံတွေမှာပါ တော်လှန်ရေး ဟာရီကိန်းတွေ တိုက်ဖွန်းတွေ ဖြစ်ဖို့ အကြောင်း ဖန်လာနေသည်။ ‘ညောင်ဦးကမ်းပါး ပြိုလို့ စမ္ပာယ်နဂို က နွားမ ပေါင်ကျိုး’ ဆိုတဲ့ မဆီမဆိုင် ဖြစ်တတ်မှုတွေကို ရည်ညွှန်းတဲ့ ပျက်လုံးက အာရပ် တော်လှန်ရေးနဲ့ မြန်မာနိုင်ငံ စစ်အာဏာရှင် ပြုတ်ကျရေး အဆက်အစပ် အတွက် လာမှန်နေသည် ဆိုရမည်။

ပြီးခဲ့တဲ့အပတ်အတွင်း မြန်မာလူငယ်များက အီဂျစ်နဲ့ တူနီးရှား တော်လှန်ရေးများကို အားကျပြီး စစ် အာဏာရှင် စနစ် အဆုံး သတ်ရေးအတွက် Just Do It လှုပ်ရှားမှုကို စတင် ဖော်ဆောင် လာကြသည်။ Just Do It လှုပ်ရှားမှုကို စတင် လုပ်ဆောင်နေသူ တစ်ဦးဖြစ်တဲ့ ရန်ကုန်မှ ကိုရဲနိုင် က Just Do It အဖွဲ့မှာ တစ်ဦး တစ်ယောက်ချင်းကို ကိုယ်စားပြုတာ မဟုတ်ဘဲ မည်သူမဆို Just Do It ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံရဲ့ မည်သည့် နေရာတွင်မဆို စစ် အစိုးရ ဖြုတ်ချရေး Just Do It လှုပ်ရှားမှုများ ရှိနေမည် ဖြစ်ကြောင်း မောက္ခကို ပြောခဲ့သည်။

Just Do It က ပြည်တွင်းတွင် ဒေသအလိုက် လူထု အုံကြွမှုများ အကောင် အထည် ဖော်ဖို့ စတင် လှုပ်ရှား နေပြီး၊ ၄င်းတို့ ဖေ့စ်ဘွတ် စာမျက်နှာကိုလည်း ဖန်တီးထားပြီး http://www.facebook.com/pages/Just-Do-It-against-Military-Dictatorship/194818177209500 အီဂျစ်နဲ့ တူနီရှား စတိုင် တော်လှန်ရေး မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ဖို့ ပြင်ဆင် နေသည်ဟု ဆိုသည်။ Just Do It ဖေ့စ်ဘွတ် စာမျက်နှာကိုလည်း ၂၄ နာရီအတွင်း လူ ၁၀၀ ကျော် ၀င်ခဲ့သည်ဟု ကိုရဲနိုင်က မောက္ခကို ပြောပြခဲ့သည်။

Ref: မောက္ခ

0 comments:

အပေါ်သို့