Monday, February 21, 2011

အကြမ်းဖက်တာ ဘယ်သူလဲ … ငါးမင်းဆွေ

မောင်သြ။ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၁

ယခုတလော နအဖ ကြိုးကိုင် သတင်းစာကြီးများမှာ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု ရုတ်သိမ်း ပေးရေး အကြောင်း ဆောင်းပါးများကို နအဖ အလိုတော်ရိများက အရိုးကလေးပဲ ကိုက်ရ ကိုက်ရ၊ အရွတ်ကလေးပဲ ဝါးရ ဝါးရ၊ ရေးသားနေကြတာ တွေ့မြင်နေရပါတယ်။ အဲဒီဆောင်းပါးရှင်တွေထဲမှာ ‘ဖားမင်းဆွေ’ ရယ်လို့ အထင်ကရ နာမည်ကြီးနေတဲ့ ငါးမင်းဆွေ တယောက်လည်း ပါသဗျ။ သူကတော့ ကိုယ့်နာမည်အရင်းနဲ့ ပြောင်ပြောင် တင်းတင်း ရေးဝံ့တာမို့ သတ္တိရှိတယ်လို့ ဆိုရမှာပေါ့ဗျာ။ အခြား ဆောင်းပါးရှင် တွေကတော့ သတင်းစာဆောင်းပါးရေးတိုင်း အရှုတ်ချခံရတာ၊ အဆဲခံရ တတ်လို့ နာမည်ရင်းနဲ့ မရေးဝံ့ကြဘူးပေါ့ဗျာ။ အဲဒီတော့ သတ္တိရှင်ကို ဖားမင်းဆွေ ကိုတော့ အားပေးတဲ့အနေနဲ့ ဂုဏ်ပြုဆောင်းပါး ရေးလိုက်ပါတယ်။

ရဲဘော်ကြီး ခင်ဗျား …

ရဲဘော်ကြီးရဲ့ ‘အကြမ်းမဖက်ရေးလမ်းစဉ်ဖြင့်သာ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးကို ဖော်ဆောင်နိုင်မည်’ ဆိုတဲ့ ဆောင်းပါးကို ၁၈.၂.၁၁ သောကြာနေ့ထုတ် အစိုးရပိုင် သတင်းစာကြီးတွေမှာ မျက်စိစပါးမွေးအစူးခံရပြီး ဖတ်ကြည့် မိပါတယ်။ အဲဒီခေါင်းစဉ်နဲ့ပဲ တုံ့ပြန်ရေးလိုက်ပါတယ်။

ဒီနေ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်တာ ဘယ်သူလဲ၊ အာဏာရှိတာ ဘယ်သူလဲ၊ လက်နက်ရှိတာ ဘယ်သူလဲ … ဆိုတဲ့ လဲသုံးလဲ ကို ရဲဘော်ကြီး အကြမ်းဖျင်းတော့ သိထား ဖို့လိုပါတယ်။ အကြမ်းဖက်တဲ့အလုပ်ကို လုပ်နိုင်သူဟာ လက်နက်ရှိသူနဲ့ အာဏာရှိသူ တို့ကသာ လုပ်နိုင်စွမ်းတာပါ။ NLD မှာ အကြမ်းဖက်ဖို့ လက်နက်ဆိုလို့ ကလေးကစား စရာ သေနတ်တောင်မရှိပါဘူး။ ခင်ဗျားက အာဏာရှင် အစိုးရကို မျက်နှာလုပ် ဖားချင်အားကြီးတော့ ကိုယ့်မျက်ချေး ကိုယ်မမြင်ဘဲ ဝါးလုံးချီးသုတ် ရမ်းတော့ တာပဲ။ NLD ကပဲ အကြမ်းဖက် လုပ်သယောင်ယောင်။

ဒီနေ့အထိ NLD ဟာ နှစ်ပေါင်း ၂၃ နှစ်ရှိခဲ့ပါပြီ။ နဝတ၊ နအဖ စစ်အစိုးရကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ကမ်းလှမ်းခဲ့တာပါ။ နအဖ က တုတ်တုတ်မျှမလှုပ်။

၉၀ ခုနှစ် ရွေးကောက်ပွဲမှာ တရားမျှတစွာ (ကြိုတင်မဲမပါဘဲ) လွတ်လွတ်ကျွတ်ကျွတ် ပြည်သူ့သဘောထားဆန္ဒစစ်စစ် (ငွေချေးပြီး မဲဆွယ်တာ၊ လမ်းခင်းပေးပြီး မဲဆွယ်တာ၊ ဝန်ထမ်းတွေ ခြိမ်းခြောက်ပြီး မဲဆွယ်တာ မရှိဘဲ) ဖြင့် အနိုင်ရရှိခဲ့တာ တကမ္ဘာလုံး အသိပါ။ နဝတ၊ နအဖ ကော်မရှင် အဖွဲ့လည်း အသိပါ။ အဲဒီလို မှန်ကန်တဲ့ ရွေးကောက်ပွဲက အနိုင်ရရှိလာတဲ့ NLD ကို အာဏာနဲ့ လက်နက်နဲ့ ခြိမ်းခြောက်ပြီး အကြမ်းဖက်ဖြိုခွင်း ဖျက်ဆီးပစ်တာ ဘယ်သူတွေလဲဆိုတာ ခွဲခြားသိဖို့ ကောင်းပါတယ်။ မသိချင်ယောင်ဆောင် မနေနဲ့နော် …

ရဲဘော်ကြီးရဲ့ “မိမိအား မုန်းသူကို ချစ်ခင်နိုင်မှ အကြမ်းမဖက်ရေးသဘောဖြစ်သည်။ အကြမ်းမဖက်ရေး၏ အဓိပ္ပာယ်မှာ အမှန်တရားကို အခိုင်အမာ ဖော်ပြခြင်းဖြစ်သည်။ ထိုသို့ဖော်ပြရာတွင် မိမိနှင့်သဘောထားမတိုက်ဆိုင်သူ (ရန်သူ) ကို ဒုက္ခပေးခြင်းဖြင့် မဖော်ပြရ၊ မိမိကိုယ်ကို မိမိ အနစ်နာခံခြင်းဖြင့် ဖော်ပြရမည် …” ဟု မဟတ္တမဂန္ဒီကြီးရဲ့ အကြမ်းမဖက်ရေးလမ်းစဉ်ကို ရဲဘော်ကြီးက ကောက်နှုတ်ဖော်ပြခဲ့တာ တွေ့ရပါတယ်။ အဲဒီတော့ ဂန္ဒီရဲ့လမ်းစဉ်အတိုင်း တရားသဖြင့် အနိုင်ရရှိသူတွေ (NLD အဖွဲ့ဝင်များ)၊ မိမိနှင့် သဘောထားမတိုက်ဆိုင်သူများ (၈၈ ကျောင်းသားခေါင်းဆောင်များ)၊ ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် အမှန်တရားကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ခဲ့သူများကို ဒုက္ခပေး ဖမ်းဆီးထောင်ချ ဝေးလံသီခေါင်တဲ့ အကျဉ်းထောင်တွေဆီ ပိုလို့ ဒုက္ခပေးတာ ဘယ်သူ တွေလဲ။

အနီးဆုံး ၂၀၀၃ ခုနှစ် မေလ ဒီပဲယင်း အရေးအခင်းကိုပဲ ကြည့်မလား၊ ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် အရေးအခင်း (သံဃာတော်များ၊ ကျောင်းသား ပြည်သူများနှင့် NLD အဖွဲ့ဝင်များ အပါအဝင် ငြိမ်းချမ်းစွာ မေတ္တာပို့ ဆုတောင်းပွဲ) ကိုပဲ ကြည့်မလား၊ လက်နက်မရှိသူကို လက်နက်နဲ့ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်တာ ဘယ်သူတွေလဲ၊ ခင်ဗျားတို့ ယုံကြည်အားကိုးတဲ့ ကြံ့/ဖွတ်၊ စွမ်းအားရှင်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေပဲ မဟုတ်လား၊ ဘာပြောချင်လဲ ဘာငြင်းချင်လဲ ခင်ဗျား ရဲရဲပြောစမ်းပါ။

အဲဒါ အကြမ်းဖက်တိုက်ခိုက်ခြင်း ဟုတ်/မဟုတ်ဆိုတာကို ခင်ဗျား ဒေါ်အောင်ဆန်း စုကြည်ကို မေးခဲ့သလို၊ ကျုပ်က ခင်ဗျားကို ပြန်ပေးပါရစေ၊ ဒါထက် အနီးကပ်ဆုံး အကြမ်းဖက်တာကို ပြောရဦးမယ်၊ ၂၀၀၈ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ အဖွဲ့ချုပ်ရုံးရှေ့မှာ ဆုတောင်းမေတ္တာ ပို့တယ်၊ ငှက် သက်စေ့လွှတ်တယ်၊ အဲဒီမှာ ဒိုင်နာကား ၁၀ စီးခန့် အင်အားအပြည့်နဲ့ NLD ရုံးရှေ့မှာပိတ်ရပ်ပြီး NLD အဖွဲ့ဝင်တွေကို ရိုက်နှက်ထိုးကြိတ် ဖမ်းဆီးသွားပြီး ထောင်ချ ခဲ့တာ၊ ဝေးလံတဲ့ ထောင်တွေကိုပို့ ဒုက္ခပေးခဲ့တာ ခင်ဗျားတင်ပြတဲ့ ဂန္ဒီကြီးရဲ့ အကြမ်းမဖက်တဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ချိုးဖျက်တဲ့ အကြမ်းဖက်သမားတွေဟာ ဘယ်သူတွေလဲ ဆိုတာတော့ ရဲဘော်ကြီး ကွင်းကွင်းကွက်ကွက် တင်းတင်းပြက်ပြက် တွေ့မြင် နေလောက်ပါပြီ။

ပြီးတော့ ခင်ဗျားက ပြောသေးတယ်။ အနောက်နိုင်ငံနဲ့ သူတို့ အလိုတော်ရိ (NLD ကိုရည်ညွှန်း) တွေက ဘယ်လောက်ပဲ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်ပေမယ့် အစိုးရ၊ ပြည်သူ၊ တပ်မတော်တို့ရဲ့ စည်းလုံး ညီညွတ်စွာ လက်တွဲဆောင်ရွက်မှု၊ အိမ်နီးချင်း နိုင်ငံများရဲ့ မိတ်ဆွေကောင်း ပီသမှုတွေကြောင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုဟာ ထိရောက်အောင်မြင်ခြင်း မရှိပါ။ မြန်မာပြည်သူတွေ အပေါ် များစွာ ထိခိုက်နစ်နာခြင်း မရှိခဲ့ပါတဲ့ … ပြီးတော့လည်း စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ခတ်မှုကြောင့် အစိုးရနှင့် ပြည်သူအပေါ် ဘေးကျပ်နံကျပ် ဖြစ်ပေါ်စေပါသည် တဲ့ … ဘယ်နှယ့် ရဲဘော်ကြီးရဲ့ ဆောင်းပါး မှာ ရှေ့တမျိုး၊ နောက်တမျိုး မညီညွတ်ပါလား၊ ကောင်းပြီ။

ရဲဘော်ကြီးက ထိခိုက်နစ်နာမှု မရှိဘူး။ မအောင်မြင်ဘူးဆိုရင် ဘာကြောင့် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ရုတ်သိမ်းပေးဖို့ ဆောင်ပါးတွေ ရေးနေကြသေးလဲ၊ အနာပေါ် တုတ်ကျတာတော့ မဟုတ်ပေဘူးလားဗျာ၊ ဒီကြားထဲ ဟို ကျားဖမ်းမယ် ဆင်ဖမ်းမယ် ဆိုတဲ့ ကပ်မြှောင်နိုင်ငံရေးပါတီ (လွှတ်တော်ထဲမှာ အီးတောင် ကျယ်ကျယ် မပေါက်ရဲ့တဲ့ ပါတီတွေ) တွေကလည်း နအဖ အလိုတော်ရိ ဆောင်းပါးရှင် တွေနောက် သံယောက်လိုက်ပြီး စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုတ်သိမ်း ပေးဖို့ ဆောင်းဆိုနေပြန်သေးသဗျာ။

အော် … သူတို့လည်း လွှတ်တော်ထဲ မပြောရဲကြလို့ ပြင်ပ လွှတ်တော်ပဲ ပြောရဲကြကိုး၊ ကျွတ် … ကျွတ် သနားစရာ။

နောက် ခင်ဗျားက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုကို NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် က တောင်းဆိုခဲ့ကြလို့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာနိုင်ငံသားတွေက မကျေမနပ်ဖြစ်နေကြရသည်လို့ ရေးလိုက်တာ ဖတ်ရပြီး၊ ခင်ဗျား တော်တော်ရယ်ရတာပဲ၊ စာရေးဆရာ အကြည်တော်ဆီမှာ တပည့်ခံပြီးရေးရင် ဒီထက်ပိုရယ် ရမယ် …

NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ပြည်သူတွေက ကျေနပ်လား/မကျေနပ်လား သိချင်ရင် ၁၃.၁၁.၁၀ နေ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တဲ့ညနေ ခြံရှေ့ တက္ကသိုလ်ရိပ်သာလမ်းတလျှောက် ပြည်သူတွေ …

၁၄.၁၁.၁၀ နေ့ NLD အဖွဲ့ချုပ်ရုံးရှေ့ ပြည်သူပရိတ်သတ်တွေနဲ့ ရဟန်းသံဃာတော်တွေ သိန်းချီတဲ့ အင်အားတွေ ခင်ဗျားတွေ့ရမှာပါ။ ရွှေဂုံတိုင်လမ်းကြီးတလျှောက် ကားလမ်း ပိတ်သွားတဲ့အထိ လူထုအင်အားဟာ ပြည့်လျှံသွားတယ်။ မကြည့်ရသေးရင် အဲဒီနေ့တွေက ရိုက်ကူးထားတဲ့ မှတ်တမ်း ဗီဒီယိုခွေကို ရှာကြည့်လိုက်ပါဦး။ အဲဒီ လူထုပရိသတ်တွေထဲက ဒေါ်အောင်ဆန်းစုကြည်ကို “အမေစု … ကျန်းမာပါစေ .. ဒေါ်စု ကျန်းမာပါစေ” ဆိုတဲ့ မေတ္တာပို့သံတွေဟာ ခင်ဗျားတို့ နေပြည်တော် ဘဝဂ်တိုင်၊ စစ်အာဏာရှင်တွေနားထဲ ဟိုးဟိုးကျော် ဟိန်းထွက်ပျံ့နှံ့နေမှာပါ။

အဲဒီအထဲက လူထုပရိတ်သတ်တွေက တအိမ်တယောက် မထွက်မနေရ ထွက်ခဲ့ရမယ်ဆိုတဲ့ အမိန့်နဲ့ လာခိုင်းတဲ့လူ … ငွေ နှစ်ထောင် သုံးထောင်ပေးပြီး အငှားလိုက်ခိုင်းတဲ့ ကြေးစားလူတွေ တယောက်မှ မပါဘူးဆိုတာတော့ သေချာပါတယ်နော် …။

ခင်ဗျားလည်း အိန္ဒိယလွတ်လပ်ရေးဖခင်ကြီး ငြိမ်းချမ်းရေးသမား မဟတ္တမ ဂန္ဒီကြီးရဲ့လမ်းစဉ်ကို ကြိုက်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကြိုက်တယ်၊ ကြိုက်တာခြင်း အတူတူ … နဝတ၊ နအဖ အာဏာရှင်သက်တမ်း ၂၃ နှစ်အတွင်းမှာ အကျယ်ချုပ်နဲ့ စုစုပေါင်း ၁၄ နှစ်ကျော် ၁၅ နှစ်ခန့် အဖမ်းခံရပြီး အများပြည်သူအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ပဲ ပြောပြော၊ အဟိံသဝါဒီပဲ ပြောပြော မြန်မာနိုင်ငံအတွက် ဘယ်လောက် အင်အားကြီးမှားခဲ့သလဲဆိုတာ၊ ခင်ဗျား အမှန်အတိုင်း သိနိုင်ပြီဆိုရင် … လက်နက်နဲ့ အာဏာ စွဲကိုင်ပြီး အကြမ်းဖက်သူများကို ခွဲခွဲခြားခြား အမှန်တရားကို သိနိုင်ပြီဆိုရင် … ဖားရေးနေတဲ့ ဆောင်းပါး တွေကို ရပ်တန်းက ရပ်ပြီး၊

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သန့်စင်မွှေးမြတဲ့ မေတ္တာပန်းပွင့်တွေ ဝေဆာနေတဲ့ ငြိမ်းချမ်းရေး ပန်းဥယျာဉ်ထဲက ကြိုဆိုလက်ကမ်းနေတယ်။

ဖားဆောင်းပါးရှင်အားလုံး အမြင်မှန်လျှင် အမှန်မြင်နိုင်ကြပါစေ …။ ။

Ref;moemaka

0 comments:

အပေါ်သို့