Saturday, February 26, 2011

နားနှင့် နွား

ကျနော် ခေါင်းစဉ်ပေးထားတဲ့အတိုင်း “နားနဲ့နွား” ဘယ်လိုကွာခြားသလဲလို့ မူလတန်း ကျောင်းသား ကလေးတဦးကို အ ဖြေခိုင်းကြည့်မယ်ဆိုရင် “ဝဆွဲ” တလုံးပဲ ကွာတယ်လို့ ဖြေကောင်းဖြေပါလိမ့်မယ်။ ဒါမှမဟုတ် သူ့နားရွက်ကိုကိုင်ပြီး နွား တကောင်ကိုညွှန်ပြကာ “ဒီဟာက နား ဟိုဟာက နွား” လို့ ပြောတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီစကားကိုပဲ ပင် လယ်ပြင် အတွေ့အကြုံများတဲ့ ရေတပ်သား တယောက်ကို မေးကြည့်မယ်ဆိုရင်တော့ စကားလုံးနှစ်ခုရဲ့ အဓိပ္ပါယ်ရော အ နှစ်သာရပါ များစွာကွာခြားပုံကို အကျယ်တ၀င့်ဋီကာချဲ့ ရှင်းလင်းပြောဆို ပြပါလိမ့်မယ်။

၂၀၀၀ ပြည့်နှစ် အလွန်လောက်က အမှတ် (၁) ဗျူဟာစစ်ရေယာဉ်စု အပတ်စဉ် စစ်ရေယာဉ်မှူးများ အစည်းအဝေးမှာ စစ်ရေယာဉ်မှူးတဦး ပြောဆိုတင်ပြသွားတာကို အမှတ်ရနေမိပါတယ်။ စစ်ရေယာဉ်မှူး ဆိုပေမယ့် သူမောင်းနှင်ရတဲ့ ရေ ယာဉ်က တိုက်ခိုက်ရေးစစ်ရေယာဉ်မဟုတ်ဘဲ သယ်ပို့ရေယာဉ်အမျိုးအစား စစ်ရေယာဉ် ၆၀၃ ဖြစ်ပါတယ်။ သူ့နာမည်က တော့ ဗိုလ်မှူးမောင်မောင်ဋ္ဌေး (ဂဏန်းလုံး) ပါ။ သူက “ပြီးခဲ့တဲ့ ကိုကိုးကျွန်းခရီးစဉ်မှာ ကျနော် ကြုံတွေ့ရတာလေးကို တင်ပြချင်ပါတယ်။ ကက(ရေ) က သတ်မှတ်ပေးလိုက်တဲ့ စက်သုံးဆီခွဲတမ်း မလုံလောက်တဲ့အခါကျတော့ ပင်လယ်ပြင် မှာ အခက်ကြုံရပါတယ်။ ကက (ရေ) ရဲ့ ဆီခွဲတမ်းအရဆိုရင် ကျနော့သင်္ဘော ပင်လယ်ပြင်မှာ ကျောက်ချပြီး ရပ်ထားဖို့ ပဲရှိပါတော့တယ်။ သို့သော်လည်း ရေဘူးပေါက်တာ မလိုချင် ဘူးဆိုတဲ့ အထက်အမိန့်အရ နီးစပ်ရာငါးဖမ်းလှေတစီးကို ကိုက်ပြီး ဗျူဟာရုံးကို အရောက်ပြန်လာခဲ့ရပါတယ်။ ကျနော့နေရာမှာ ရှေ့တက်လမ်းရှိတဲ့ စစ်ရေယာဉ်မှူး တဦး သာဆို ရင် ပြဿနာတွေ အများကြီးကြုံရနိုင် တယ်ဆိုတာကို တင်ပြချင်တာပါ”။

သူပြောသွားတာက ကိုယ့်သင်္ဘောဆီမကုန်အောင် ငါးဖမ်းလှေကိုရှေ့ကနေ ဆွဲခိုင်းပြီး အသာမျှောလိုက်လာတာကို ဆိုလို တာပါ။ နွားတံပိုးမှာ စွတ်ဖားချိတ်ပြီး ဆွဲသလိုဆွဲရတာမို့ အဲဒီလို လုပ်ဆောင်ပေးရတဲ့ ငါးဖမ်းလှေကို ရေတပ်သားတွေက“နွား” လို့ ကင်ပွန်းတပ်ကြပါတယ်။ ဒီနေရာမှာ စစ်ရေယာဉ်မှူးကလည်း သူ့လိုအပ်ချက်အရ နီးစပ်ရာငါးဖမ်းလှေကို ကျား ပိန်တွယ်တွယ်ပြီးခဲ၊ ငါးဖမ်းကုမ္ပဏီက မကျေနပ်လို့ တိုင်ကြားတဲ့အခါ ပြဿနာတက်ကြရပါတယ်။ ဗိုလ်မှူးမောင်မောင်ဋ္ဌေး က ရဲဘော်ဘဝမှ အရာရှိဖြစ်လာသူမို့ ဗိုလ်မှူးအဆင့်ထက်ပိုပြီး မျှော်မှန်းလို့ မရပါဘူး။ သူ့နေရာမှာ DSA ကျောင်းဆင်း အရာရှိသာဆိုရင် တက်လမ်းပိတ်သွားနိုင်ပုံကို ရည်ညွှန်း ပြောဆိုသွားတာ ဖြစ်ပါတယ်။

ကျနော်တို့နိုင်ငံမှာ ၀န်ထမ်းအဖွဲ့အစည်းတွေ လာဘ်စားတယ်ဆိုတဲ့နေရာမှာ ဝန်ထမ်း တဦးချင်းစီရဲ့ မတော်လောဘစိတ် သက်သက်ကြောင့်တော့ မဟုတ်ပါ။ အစိုးရအုပ်ချုပ်ရေး ယန္တရားမှာကိုက အကျင့်ပျက်လာဘ်စားဖို့ အခွင့်သာစေတဲ့ ယို ပေါက်စိမ့်ပေါက်တွေ ရှိနေပြီးသားပါ။ ကက (ရေ) က ထုတ်ပြန်တဲ့ စစ်ဆင်ရေးထွက်ခွာမိန့် ကြေးနန်းတိုင်းမှာ “စရိတ်ကုန် သက်သာစေသော မိုင်နှုန်းဖြင့် ထွက်ခွာရန်” ဆိုတဲ့ စာသားအမြဲလိုလိုပါရှိပါတယ်။ ယေဘုယျဆန်ပြီး အဓိပ္ပါယ်အတိအ ကျကောက်ယူဖို့ ခဲယဉ်းတဲ့ စကားရပ် ဖြစ်ပါတယ်။ စက်သုံးဆီချပေးရာမှာလည်း အမှန်တကယ်ကုန်ကျနှုန်း ထက် သူတို့ သင့်တော်မယ်ထင်တဲ့ နှုန်းထားအတိုင်း သတ်မှတ်ပေးပါတယ်။ လောက်တာ မလောက်တာ ပြန်မပြောနဲ့ ပေးသမျှနဲ့ ဖြစ် အောင်လုပ် ဆိုတဲ့သဘောပါ။

မုန့်ဖိုးမှန်မှန်မရတဲ့ ကလေးတယောက်ရှေ့မှာ စုဘူးထဲက ပိုက်ဆံကိုထုတ်ပြပြီး “ဒီလို ထုတ်ယူရင် ရတယ်။ ဒါပေမယ့် ဒီလို ဘယ်တော့မှ မခိုးနဲ့” လို့ သညာပေးတာမျိုး ဖြစ်မနေဘူးလား။ ဒီနေရာမှာ ကျနော့အနေနဲ့ ၀န်ထမ်းတွေ အကျင့်ပျက် လာဘ်စားမှု မရှိဘူးလို့ ကာကွယ်နေခြင်း မဟုတ်ပါ။ အုပ်ချုပ်ရေးစနစ်တခုရဲ့ အားနည်းချက်တွေက အကျင့်ပျက်လာဘ် စားမှုကို အထောက်အပံ့ပြုနေကြောင်း သိသာထင်ရှားအောင် ဖော်ပြ ပေးတာ ဖြစ်ပါတယ်။ မဆလ ခေတ်က မှောင်ခိုဈေး ကွက်ကြီးထွားခဲ့တာလည်း ဒီလိုပါပဲ။ တရားဥပဒေနဲ့အညီကျင့်သုံးပြီး လုပ်ထုံးလုပ်နည်းတွေ ပွင့်လင်းမြင်သာ ရှိမယ်ဆိုရင် အာဏာရှင်စနစ် မတည်မြဲနိုင်ပါဘူး။ တပ်မတော်မှာက အထက်လူကြီး ရှေ့ရောက်တဲ့ အခါ မခုတ်တတ်တဲ့ကြောင်လို တေ မိလုပ်နေပြီး ကွယ်ရာမှာထင်သလိုလုပ်တတ်သော “ပြန်မပြောနားမထောင်” များအတွက်သာ နေရာ အဆင်သင့်ရှိပါ တယ်။ “မဟုတ်လည်းခံ ဟုတ်လည်းခံ အများမမုန်း လူကြီးသုံး” စကားအတိုင်း ကျင့်ကြံနေထိုင်နိုင်ပါမှ တော်ကာကျပါ တယ်။

စစ်ရေယာဉ် (၆၀၃၊၆၀၃၊ပြည်တော်အေး) သင်္ဘောတွေဟာ အိုမင်းဟောင်းနွမ်းနေပြီး တနာရီကို ၅ မိုင် ၆မိုင်နှုန်းလောက် သာ ခရီးပေါက်တာပါ။ ကြောင်အိုတော့ကြွက်မလေး စကားလိုပဲ ငါးဖမ်းလှေတွေက အဲဒီသင်္ဘောတွေကို ဂရုမစိုက်ပါဘူး။

ဒါကြောင့် ပင်လယ်ပြင်ကိုရောက်အောင် တအိအိမောင်းနှင်သွားပြီးမှ အခြားစစ်ရေယာဉ် တစီးစီးရဲ့ အကူအညီကိုယူကာ လှေတစီးရအောင် အမိအရချောဆွဲရပါတယ်။ နောက်လှေ တစီးထပ်ရဖို့ မလွယ်ကူတဲ့အခါ ရပြီးသားလှေကိုပဲ ကိုယ်လိုချင် တဲ့နေရာအရောက် အတင်းအကြပ်ဆွဲခိုင်းတာကြောင့် မကြာခဏတိုင်တန်း တာခံရပါတယ်။ ပြဿနာလည်းတက်ရော အ ထက်ဌာနကြီးတွေက မသိသလိုတာဝန် ရှောင်လွှဲတော့ စစ်ရေယာဉ်မှူးခမျာ ဟိုလူ့အဖေခေါ်ရမလို ဒီလူ့အဖေခေါ်ရ မ လို။ အဲဒီ ရေယာဉ်တွေကို မမောင်းချင်ကြပေမယ့် တာဝန် ပေးလာပြန်တော့လည်း ငြင်းဆန်၍မရပြန်ပါ။

နောက်တခု “နား” ဆိုတဲ့ အသုံးအနှုန်းကတော့ ဆက်သွယ်ရေးပိုင်းနဲ့ပိုပြီး နီးစပ်ပုံရပါတယ်။ စစ်ဆင်ရေးတာဝန်ချိန်အ တွင်း ယိုးဒယား ငါးခိုးလှေဖမ်းဆီးဖို့ ရည်ရွယ်ချက်ရှိတဲ့ စစ်ရေယာဉ်မှူးတွေက စစ်ရေယာဉ်ပေါ်မှာ ထိုင်းစကားကျွမ်းကျင် သူ ပင်လယ်ပြင်ငါးဖမ်း သမားများကို ခေါ်ဆောင်သွားတတ်ပါတယ်။ သူတို့ဟာ ယိုးဒယားငါးဖမ်းလှေတွေမှာ နှစ်ကာလ ကြာရှည်စွာ လုပ်ကိုင်ခဲ့ကြပြီး ထိုင်းဘာသာ ကျွမ်းကျင်ရုံမျှမက ပင်လယ်ပြင်ဆက်သွယ်ရေးနဲ့ ငါးခိုးလှေများကျက်စားတတ် တဲ့ နေရာတွေကိုပါ တိတိကျကျ ခန့်မှန်းတတ်ကြပါတယ်။ သူတို့ကိုရေတပ်သားတွေက “နား” လို့ခေါ်ပါတယ်။

ပင်လယ်ပြင်ရောက်ပြီဆိုတာနဲ့ သူတို့ရဲ့အလုပ်က ဆက်သွယ်ရေးစက်နားမှာ မပြတ်တမ်း နေပြီး ယိုးဒယားငါးဖမ်းလှေများ ရဲ့ လှုပ်ရှားဆက်သွယ်မှုကို စောင့်ကြည့်လေ့လာရတာပါ။ မြန်မာ့ရေပိုင်နက်အတွင်းကို ငါးခိုးလှေတွေဝင်ရောက်နေတာ သေချာပြီဆိုရင် တည်နေရာ လတ္တီကျု၊ လောင်ဂျီကျုအညွှန်းနဲ့တကွ စစ်ရေယာဉ်မှူးထံ သတင်းပို့ရပါတယ်။ ခုနောက်ပိုင်းယိုးဒယားငါးဖမ်းလှေအများစုမှာ ဂြိုလ်တုဖုန်းတွေ အသုံးပြုလာပေမယ့်လည်း မြန်မာရေတပ်ရဲ့ လက်ကမလွတ်ကင်းနိုင် သေးပါဘူး။

ယိုးဒယားငါးခိုးလှေ ဖမ်းဆီးမိလို့ လှေပေါ်ပါပစ္စည်းအချို့ကို ထုခွဲရောင်းချပြီးတဲ့အခါ “နား” ဆိုသူကို ရာခိုင်နှုန်းအချိုးကျပေးရပါတယ်။ အချို့သူတွေဟာ အဲဒီလုပ်ငန်းနဲ့ တော်တော် အလုပ်ဖြစ်တာ တွေ့ရပါတယ်။ ဖမ်းမိ ငါးခိုးလှေတွေကို ဦးပိုင် စီးပွားရေး လီမီတက်မှာ အပ်နှံရတာကြောင့် ကက (ရေ) အရာရှိကြီးများ မျက်နှာပွင့် ပါတယ်။ “နား” တဦးရဲ့ ပြောပြချက် အရဆိုရင် ဦးပိုင်မှာ သူဖမ်းပေးထားတဲ့လှေ အစီး (၂၀၀) ကျော်သွားပြီလို့ သိရပါတယ်။ ဖမ်းမိလှေအပ်နှံရာမှာ အလကား ရတဲ့နွားကို သွားဖြဲကြည့်ပြီး အင်မတန်မှ ဇီဇာကြောင် လက်ပေါက်ကပ်သော ဦးပိုင်က အရာရှိကြီးများအကြောင်း ကိုတော့နောင် အလျဉ်းသင့်တဲ့အခါ ရေးသားဖော်ပြ ပေးပါအုံးမယ်။

ဒါတွေကတော့ အာဏာရှင်ကြီးတွေ တယောက်ပြီး တယောက်ရဲ့လက်အောက်မှာ ရာစုနှစ်တ၀က်ကျော်လောက် လောင်းရိပ်မိနေတဲ့ အုပ်ချုပ်ရေးယန္တရားကြီးထဲမှာ ၀န်ထမ်း တွေ လာဘ်စားမှုကျူးလွန်ဖြစ်အောင်၊ စာရိတ္တ ပျက်ပြားအောင် တွန်းပို့ရာ ရောက်နေသော အုပ်ချုပ်မှုဆိုင်ရာ အားနည်းချက်အချို့ကို လက်လှမ်းမီ သလောက် ဖော်ထုတ်တင်ပြ ခြင်းသာ ဖြစ်ပါတယ်။

နေမင်းသူ


Ref;naytthitAlign Center

0 comments:

အပေါ်သို့