Friday, February 25, 2011

သော့ချက်ကျတဲ့ ခလုတ်

February 25, 2011 ။

အရှေ့ ဥရောပမှာရှိတဲ့ ကွန်မြူနစ် အစိုးရ တွေကို ဆက်လက် ထိန်းသိမ်း ကာကွယ်ဖို့ ဆိုဗီယက် ယူနီယံက နောက်ထပ် ဘယ်တော့မှ စစ်ရေးအရ ၀င်ရောက် စွက်ဖက်မှာ မဟုတ်တော့ဘူး ဆိုတာ ပြည်သူတွေက သိမြင်လာတဲ့ အကျိုး ရလဒ်က တော့ ၁၉၈၉ ခုနှစ်မှာ တော်လှန်ရေးတွေ ဖြစ်လာတာပါပဲ။ အခုလည်း အမေရိကန် ပြည်ထောင်စုဟာ သူတို့ကို အုပ်ချုပ် နေတဲ့ အစိုးရ တွေကို အကာ အကွယ်ပေးဖို့ စစ်ရေးအရ ၀င်ရောက်စွက်တာ လုပ်တော့မှာ မဟုတ်ဘူး ဆိုတာကို အာရပ် တွေသိလာတာ ပါပဲ။


အခုမှ ဘာ့ကြောင့်ဖြစ်ရတာလဲ။ မနှစ်က ဒါမှမဟုတ် လွန်ခဲ့တဲ့ ၁၀ နှစ်က ဒါမှမဟုတ် ဘယ်တုန်း ကမှ မဖြစ်ခဲ့တာ၊ ဒီနှစ် ထဲမှာမှ တူနီးရှားနဲ့ အီဂျစ်မှာ တော်လှန်ရေးတွေ ဘာလို့ ဖြစ်ခဲ့ရတာလဲ။ အခုဆို ဂျော်ဒန်၊ ယီမင်၊ ဘာရိန်း၊ လစ်ဗျားနဲ့ အယ်လ်ဂျီးရီးယား နိုင်ငံတွေမှာ နေ့စဉ် လမ်းပေါ် ထွက်နေကြတဲ့ ဆန္ဒပြ သမားတွေကို ဒီတော်လှန်ရေး တွေရဲ့အောင်မြင် မှုက ထူးထူးခြားခြား စေ့ဆော်ပေးနေတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်တွေ ဘယ်လို စဖြစ်တာလဲ။ အရှေ့ အလယ်ပိုင်းဒေသကို ဘယ်အရာတွေက အပြောင်းလဲ ဖြစ်အောင် လုပ်ခဲ့တာလဲ။

မှန်ပါတယ်။ အာရပ်ကမ္ဘာကို သက်ဦးဆံပိုင် အစိုးရတွေက အုပ်ချုပ်နေတယ်။ အတိုက်အခံ တွေနဲ့ အမြင် မတူတဲ့သူတွေကို ဖိနှိပ်နေတယ်။ တခါတရံ ရက်စက်တာတွေ ကမ်းကုန်အောင် လုပ်တယ်။ ဟုတ်တယ်။ အစိုးရ အတော် များများဟာ အကျင့်ပျက် ချစား နေကြတယ်။ အာရပ်နိုင်ငံ အများစုကြီးက ဆင်းရဲတယ်။ ပိုလို့တောင် ဆင်းရဲလာနေတယ်။ ဒါတွေအားလုံး မှန်တယ်ဆိုတာ ဆယ်စုနှစ်တွေတောင် ကြာလှပြီ။ အရင်တုန်းက တော်လှန်ရေးတွေ မဖြစ်ခဲ့ဘူး။ အားမလို အားမရဖြစ် တာတွေ၊ ဒေါသ ထွက်တာတွေ ရှိကောင်းရှိမယ်။ ဒါတွေ ကိန်းအောင်းနေတာ ကြာလှပြီ၊ မီးပွားလေးတခုပဲ လိုနေတာ။ တူ နီးရှားမှာ လူငယ်လေး တဦးက ကိုယ့်ကိုယ်ကို မီးရှို့ သတ်သေ လိုက်တော့ အဲဒီကနေ မီးတောက်ကြီးဟာ တခြား အာရပ် နိုင်ငံတွေ ကို မြန်မြန် ဆန်ဆန် ပျံ့နှံ့ သွားတော့တာပါပဲ။


ဒါပေမဲ့ လွန်ခဲ့တဲ့ ၅ နှစ်၊ ဒါမှမဟုတ် ၁၀ နှစ် ဒါမှ မဟုတ် အနှစ်၂၀ က ဒါမျိုး အလွယ်တကူ ဖြစ်နိုင်တယ် ဆိုတာကို ဘယ် သူက ယုံမှာလဲ။ လွန်ခဲ့တဲ့ ၂ နှစ် ဒါမှမဟုတ် ၅ နှစ်၊ ၁၀ နှစ်က လူထုဒေါသ ရေချိန်ဟာ တကယ့် တကယ်မှာ မြင့်လာနေ ပြီဆိုတာ ထင်ဖို့ အကြောင်း မရှိဘူး။ တချိန်လုံးမြင့်နေတာ။ ဒါပေမဲ့ သာမန် အချိန်တွေမှာ လူအများစုကြီးဟာ ဒါတွေကို ဗြောင်ဖော်ပြဖို့ အရမ်း သတိထားတယ်။ အခုတော့ သူတို့ ဒေါသကို ကျယ်ကျယ် လောင်လောင် ဖော်ပြနေကြပြီ။ ကာလ ရှည်ကြာ အုပ်စိုးနေတဲ့ အာရပ် အစိုးရတွေဟာ စပြီး စိုးရိမ် ထိတ်လန့်နေကြပြီ။ အာရပ် နိုင်ငံတွေထဲမှာ အကြီးဆုံး ဖြစ်တဲ့ အီ ဂျစ်က သမတဟို့စ်နီ မူဘာရက် ကျဆုံးမှုက အာရပ်ကမ္ဘာက တခြား သက်ဦးဆံပိုင် အစိုးရတွေဟာ အလားတူ ကျဆုံးနိုင်တယ်။ ဆိုတာမျိုး ဖြစ်လာ နိုင်စရာတွေ ရှိလာနေပါတယ်။ ၁၉၈၉ ခုနှစ်က ဥရောပမှာ ကွန်မြူနစ် အစိုးရတွေ အလျင်အမြန် ကျဆုံးမှုတွေက သူတို့အတွက် အရင်က ဖြစ်ခဲ့ဖူးတဲ့ ထိတ်လန့် စရာတွေ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီဟာက နောက်တကြိမ် ဘာလို့ ဖြစ်နေရတာလဲ။

“Social Media” လို့ခေါ်တဲ့ လူမှုဆက်သွယ်ရေးကွန်ယက် ဆိုတာ ကျယ်ကျယ် ပြန့်ပြန့် မိတ်ဆက် အမွှမ်း တင်ပေးတဲ့ ရှင်းလင်း ထုတ်ဖော် ပြောဆိုမှုတခု ဖြစ်တယ်။ အယ်လ်ဂျာဇီးရား ကွန်ယက်ရဲ့ တူနီးရှားနဲ့ အီဂျစ်က အဖြစ်အပျက်တွေကို အပြည့်အစုံ ဖော်ပြ ပေးတာကလည်း တခုပေါ့။ နှစ်ခုစလုံးက ဒီရှင်းလင်း ပြောဆိုမှုတွေရဲ့ ယုံကြည် အားထားလောက်တဲ့ အစိတ် အပိုင်းတွေပဲ ဖြစ်ပါတယ်။ ဒါတွေဟာ နိုင်ငံတော် အစိုးရတွေရဲ့ သတင်းဖြတ်တောက် ပိတ်ဆို့မှု တွေကို ကျော်ပြီး လူ ထုတွေ အလွယ်တကူ စုရုံးနိုင်စေဖို့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်ပြတ်သားသား လုပ်ပေးတဲ့ ဆက်သွယ်ရေး နည်းနာတွေ၊ ကရိယာတွေပဲ ဖြစ်တယ်။ ပြည်သူတွေ လမ်းပေါ်ထွက်ပြီး ဆန္ဒပြဖို့ အသင့်ဖြစ်တယ် ဆိုရင် ဒီဆက်သွယ်ရေး ကွန်ယက် တွေက သူတို့တွေကို အလွယ်တကူ စုစည်းနိုင်အောင်၊ ဆန္ဒပြ သမားတွေရဲ့ စံနမူနာကောင်း တွေကို ပျံ့နှံ့စေဖို့ လုပ်ပေး တယ်။ ဒါပေမဲ့ ဒီဟာက နောက်ဆုံးမှာ သူတို့ ဘာလို့ လမ်းပေါ် ထွက်လာရလဲ ဆိုတာကိုတော့ တကယ်တန်း ရှင်းမပြနိုင်ပါဘူး။


ပြီးခဲ့တဲ့တနှစ်၊ ၂ နှစ်လောက်က အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတာတွေနဲ့ တကယ်ပဲ မတူ ကွဲပြားတဲ့ အရာတခု ကတော့ အမေရိကန် ပြည်ထောင်စုဟာ ဒီဒေသက ဆုတ်ခွာဖို့ စနေပြီဆိုတဲ့ အချက်ပါပဲ။ ၁၉၅၈ ခုနှစ်၊ လက်ဘနွန် ဖြစ်ရပ်ကနေ ၂၀၀၃ ခုနှစ် အီရတ် ဖြစ်ရပ်ထိ ကြည့်ပါ။ အဲဒီတုန်းက အမေရိကန် ပြည်ထောင်စုဟာ အာရပ် ကမ္ဘာက သူလိုလားတဲ့ အစိုးရ တွေကို အကာအကွယ် ပေးဖို့နဲ့ မလိုလားတဲ့ အစိုးရတွေကို ဖယ်ရှားဖို့ဆို စစ်ရေးအရ ၀င်ရောက် စွက်ဖက်လိုစိတ် ရှိနေ ကြပါတယ်။ အခုတော့ ဒါတွေ ပြီးသွားပါပြီ။

အပေါ်ယံမှာ ပါးပါးလေးဖုန်းကွယ် ပုံဖျက်ထားတဲ့ အီရတ်က အမေရိကန်ရဲ့ ရှုံးနိမ့်မှုက ဒီအပြောင်း အလဲကြီးကို တစိတ် တပိုင်း တွန်းအား ပေးခဲ့တာပါ။ နောက်ပြီး အဲဒီလို စိုးရိမ်စရာကောင်းတဲ့ အတွေ့ အကြုံတွေ တွေ့ကြုံပြီး နောက်မှာ ဒီဒေသ မှာ အမေရိကန်တွေ စစ်ရေးအရ နောက်ထပ် ၀င်ရောက် စွက်ဖက်တာမျိုးကို သဘောတူ ထောက်ခံတော့မှာ မဟုတ်တော့ ဘူးဆိုတာကို အမေရိကန် ပြည်သူလူထုရဲ့ အမြင် စစ်တမ်း ကောက်ခံမှုတွေက ပြသ နေပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အာရပ်အစိုးရ တွေရဲ့လုံခြံရေး ကွန်ယက်ကို ဖယ်ရှား နေပါပြီ။ ဒါကို သူတို့ ပြည်သူတွေက သိနေတယ်။ ၀ါရှင်တန်မှာ အဓိက မဟာဗျူဟာ ပြန်လည် သုံးသပ်ချက် တခုလည်း လုပ်နေတယ်။ ပြီးခါနီး နေပါပြီ။ အမေရိကန် ပြည်ထောင်စုရဲ့ မူဝါဒမှာ အရှေ့အလယ်ပိုင်းရဲ့အရေးပါမှုကို လျှော့ချလိုက်ပါပြီ။ အာရပ်လူထုက ဒါကို မသိပါဘူး။ ဒါပေမဲ့ အစိုးရတွေ ကတော့ မုချသိပါတယ်။ ဒါက သူတို့ ယုံကြည်မှုကို လျော့ပါး သွားစေတာပဲဖြစ်တယ်။


အရှေ့အလယ်ပိုင်းမှာ အမေရိကန်က မဟာဗျူဟာအရ ပါဝင်နေရတဲ့ အစဉ်အလာ အကြောင်းရင်း တွေကတော့ ရေနံနဲ့ အစ္စရေးလ် ကြောင့်ပဲ ဖြစ်တယ်။ အမေရိကန်ရဲ့ ရေနံ ထောက်ပံ့မှုကို ကာကွယ် ခဲ့တာပဲ ဖြစ်တယ်။ စစ်အေး တိုက်ပွဲက နှစ် ဖက်စလုံး ထိခိုက်နစ်နာ ရှုံးနိမ့် သွားတာဖြစ်တယ်။ ဒီအထဲမှာ အမေရိကန် မထိန်းချုပ်နိုင်တဲ့ အစိုးရတွေကို ဆိုဗီယက် လက်ထဲ ကျသွားမယ့် အန္တရာယ် ရှိတယ်ဆိုပြီး ကြည့်မြင်ခဲ့တယ်။ နောက်ပြီး စိတ်ကူးယဉ် ဆန်တဲ့ စဉ်းစားချက်တွေ အပြင် စစ်ရေးအရ အရေးကြီးတယ် ဆိုပြီး အစ္စရေးလ်ကို ကာကွယ် စောင့်ရှောက်ခဲ့တာ ဖြစ်တယ်။

ဒါပေမဲ့ စစ်အေးကြီးက ကာလရှည်ကြာခဲ့တယ်။ ဒီလိုနဲ့ အရှေ့အလယ်ပိုင်းမှာ နှစ်ဖက်စလုံး ရှုံးခဲ့တာပဲ ဖြစ်တယ်။ အာရပ် ရေနံ တင်ပို့သူတွေက ကူးသန်း ရောင်းဝယ်ရေး အခြေခံ ပေါ်ကပဲ သူတို့ ဖောက်သည်တွေကို ရွေးကြတာဖြစ်တယ်။ သူတို့ နိုင်ငံရဲ့ တိုးလာနေတဲ့ လူဦးရေကို ထောက်ပံ့ဖို့ သူတို့ရေနံကို ရောင်းရမှာပဲ ဖြစ်တယ်။ သူတို့ဆီက ရေနံတွေရဖို့ ခင်ဗျား တို့အနေနဲ့ သူတို့ကို ထိန်းချုပ်ဖို့ ဒါမှမဟုတ် ခြိမ်းခြောက်ဖို့ မလိုပါဘူး။ သူတို့ကို ချက်လက်မှတ်တွေပဲ ပေးပါ။ ဒါ့ပြင် အာ ရပ်ကမ္ဘာက ရေနံ တင်သွင်းနေတဲ့ ရေနံက အမေရိကန်က တင်သွင်းနေတဲ့ ရေနံရဲ့ ငါးပုံတပုံတောင် မရှိပါဘူး။


အစ္စရေးလ်ကြောင့်ဆိုပြန်ရင်လည်း စစ်အေးခတ်ပြီးကတည်းက အမေရိကန်ရဲ့ စစ်ရေး တန်ဖိုးက ထိုးကျ သွားပါပြီ။ အမေ ရိကန်ရဲ့ အကာအကွယ် အစောင့် အရှောက်ကို မလိုပါဘူး။ အစ္စရေးလ်ဟာ အာရပ် အိမ်နီးခြင်း နိုင်ငံတွေ အပေါ် စစ်ရေးအရ လွှမ်းမိုးထားတဲ့ ဆူပါပါဝါ အငယ်စားလေး ဖြစ်နေပါပြီ။ ဒါကြောင့် ကျနော် နောက်တခေါက် ပြန်ပြောပါမယ်။ အတိအကျ ပြောရရင် အမေရိကန်က အရှေ့ အလယ်ပိုင်း ဒေသရဲ့ တည်ငြိမ်မှုကို သေရေး ရှင်ရေးတမျှ အရေးပါတဲ့ အမျိုးသား အကျိုးစီးပွား အဖြစ် ဘာကြောင့် ကြည့်မြင်နေမှာလဲ။

ဆိုဗီယက်ပြည်ထောင်စုဟာ သူတို့ကို အုပ်ချုပ်နေတဲ့ကွန်မြူနစ် အစိုးရတွေကို ဆက်လက် ထိန်းသိမ်း ထားဖို့ စစ်ရေးအရ ၀င်ရောက် စွက်ဖက်တာတွေ လုပ်မှာ မဟုတ်တော့ဘူး ဆိုတာကို အရှေ့ ဥရောပ နိုင်ငံတွေက သိမြင်ခဲ့တယ်။ အဲဒီအချိန် မှာ ၁၉၈၉ ခုနှစ်က တော်လှန်ရေးတွေ ဖြစ်လာ နိုင်တော့တာပါပဲ။ အာရပ် ကမ္ဘာမှာ နောက်ထပ် ၁၉၈၉ ကလို တော်လှန် ရေးတွေ ဖြစ်လာနိုင်မလား။ အမေရိကန် ပြည်ထောာင်စုက သူတို့ကို အုပ်ချုပ်နေတဲ့ အစိုးရတွေကို အကာအကွယ် ပေးဖို့ စစ်ရေးအရ ၀င်ရောက် စွက်ဖက်တာ မလုပ်တော့ဘူး ဆိုတာကို အခုဆို အာရပ်ကမ္ဘာက သိနေကြပါပြီ။

(ရည်ညွှန်း။ ။ The Pioneer: What has triggered Arab unrest? By Gwynne Dyer: 22 Feb 2011)

Gwynne Dyer ဟာ လန်ဒန်အခြေစိုက် လွတ်လပ်တဲ့ သတင်းစာသမားတဦးဖြစ်ပါတယ်။

ဘက်တော်သား
(၂၄ ဖေဖေါ်ဝါရီ ၂၀၁၁)

Ref: နေ့သစ်

0 comments:

အပေါ်သို့