Wednesday, February 23, 2011

‘အာဇာနည်’ အဖြစ်နဲ့ သေမည်ဟု ၇၈ မိနစ်ကြာ ရူးကြောင်ကြောင် မိန့်ခွန်း ကဒါဖီ ပြော

Wednesday, 23 February 2011

“ဒီတိုင်းပြည်ဟာ ကျုပ်တိုင်းပြည်၊ ကျူပ်အဘိုးအဘွားတွေ ပေးခဲ့တဲ့ တိုင်းပြည်၊ ကျူပ်သွေး နောက်ဆုံး တစက် ကျတဲ့အထိ ဆက်တိုက် သွားမယ်။ ပုန်ကန်သူတွေကို တစ်အိမ်တက်ဆင်း မြေလှန်ရှင်းမယ်။ အာဇာနည် သူရဲကောင်း ဘ၀နဲ့ ကျူပ်သေမယ်” ဆိုပြီး ၄၁ နှစ်ကြာ လစ်ဗျားနိုင်ငံကို အုပ်ချုပ်နေသူ၊ အသက် ၆၈ နှစ်ရှိ မွမ်မာ ကဒါဖီက အင်္ဂါနေ့ တွင် ၇၈ မိနစ်ကြာ တောင်စဉ် ရေမရ မိန့်ခွန်းရှည်ကို ဒေါကြီးမောကြီး အော်ဟစ် ပြောဆို သွားခဲ့သည်။

ရှစ်ရက်ကြာ ဆန္ဒပြသူများက လစ်ဗျားနိုင်ငံ အရှေ့ဘက်ခြမ်းကို သိမ်းပိုက် ထားချိန်တွင် ကဒါဖီရဲ့ မိန့်ခွန်းကို လစ်ဗျား ရုပ်သံကနေ တိုက်ရိုက် လွှင့်သွားခြင်း ဖြစ်သည်။ ကဒါဖီက ညိုညစ်ညစ် အ၀ါရောင် ခေါင်းပေါင်းနဲ့ သင်္ကန်းဝတ်ရုံကို ခြုံပတ် ထားသည်။ ၁၉၈၆ ခုနှစ် အမေရိကန် လေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားတဲ့ နှစ်ထပ် အဆောက်အဦ ပျက်ကြီး ထဲကနေ စတန့်ထွင် မိန့်ခွန်းပြောခဲ့ခြင်း ဖြစ်သည်။

သူ့မိန့်ခွန်းမှာ မြန်မာပြည်မှ အာဏာရှင် ဦးနေ၀င်း ဆင်းပေးခါနီး “စစ်တပ်က ဘယ်တော့မှ မိုးပေါ် ထောင်မပစ်ဘူး၊ ပစ်ရင် တည့်တည့် ပစ်တယ်” ဆိုတဲ့ လူထုကို စိန်ခေါ်သံမျိုးနဲ့ ဆင်နေပြီိး၊ န၀တ ဥက္ကဌ ဗိုလ်ချုပ်မှုးကြီး စောမောင် ပြုတ်ခါနီး ရူးကြောင်ကြောင် မိန့်ခွန်းရှည်လို တောင်ရောက် မြောက်ရောက် စိတ်ဂဃာ မငြိမ်ဖြင့် ပြောဆိုခြင်းမျိုး ဖြစ်နေသည်။ စကား ပြောရင်း စာအုပ်တွေ ကောက်ဖတ်ပြသည်။ အနောက်နိုင်ငံ အေးဂျင့် ‘ကြွက်တွေ’ က လစ်ဗျားကို မငြိမ်မသက် ဖြစ်အောင် ထိုးမွှေ ဖျက်ဆီး နေတယ် ဟု အပြစ် တင်လိုက်သေးသည်။

လက်ရှိ လစ်ဗျားရဲ့ ၀ရုန်းသုန်းကား အခြေအနေကို သုံးသပ် ခန့်မှန်းနိုင်စွမ်း မရှိဘဲ ကဒါဖီက ဘ၀င်စိတ်နဲ့ ကြောက်စိတ် ရောမွှန်နေပြီး “မွမ်မာ ကဒါဖီ ဆိုသူမှာ သမိုင်းရှိတယ်၊ ခုခံနိုင်စွမ်းရှိတယ်၊ တော်လှန်ရေး ရှိတယ်၊ ဂုဏ်ရောင်ပြောင်မှု ရှိခဲ့တယ်” ဟုလည်း ထစ်ထစ် ငေါ့ငေါ့ ဗလုံးဗထွေးနဲ့ အော်ဟစ်ရင်း ဗင်နီဇွဲလားကို ထွက်ပြေးမယ်ဆိုတဲ့ ကောလဟာလ မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ ကျောင်းသား တွေကိုလည်း “ကျူပ်ဘက်နဲ့ပေါင်းရင် စကောလားရှစ် ပေးမယ်” ဟုလည်း မက်လုံး ပေးလိုက် သေးသည်။

လစ်ဗျားနိုင်ငံ အရှေ့ဘက်ခြမ်းကို သိမ်းပိုက်ထားတဲ့ AK-47 ကိုယ်စီ ကိုင်ထားသူ ဆန္ဒပြ လူထုက လမ်းပေါ် တွေကနေ သူ့မိန့်ခွန်းကို နားထောင်ပြီးနောက်၊ နာရီပိုင်း အတွင်း အပြတ် ဖြုတ်ပစ်မယ်ဟု ကြွေးကြော် အော်ဟစ် ကြသည်။ အချို့က စစ်တပ် လက်နက် တိုက်များကို ၀င်စီးကြသည်။ မနေ့က ထရီပိုလီ မြို့တော်တွင် ဆန္ဒပြ သူ ၆၅ ဦး သေဆုံးခဲ့ပြီး၊ ဘန်ဂါဇီ မြို့တွင် ၂၃၃ ကျော် သေဆုံးခဲ့သည်။ ရှစ်ရက်အတွင်း ဆန္ဒပြသူ ၈၀၀ ကျော် သေဆုံးခဲ့ သည်ဟု Human Rights Watch အဖွဲ့က ခန့်မှန်းသည်။

အမေရိကန် စီနိတ်တာ ဂျွန်ကယ်လီ က “ခွေးရူး နာရီပိုင်းပဲ ခံတော့မယ်” ဆိုပြီး ကဒါဖီ ဆင်းရတော့မယ့် အကြောင်း CNN သတင်း ဌာနတွင် သုံးသပ်ခဲ့သည်။ လစ်ဗျား ပြည်ထဲရေး ၀န်ကြီး နှုတ်ထွက်သွားပြီး ဆန္ဒပြသူများနှင့် ပူးပေါင်း လိုက်သည်။ တရုတ်နိုင်ငံ ပေကျင်းရှိ လစ်ဗျား သံအမတ်၊ ဘင်္ဂလားဒေ့ရှ်ရှိ သံအမတ်၊ အမေရိကန်နိုင်ငံ ဆိုင်ရာ လစ်ဗျား သံအမတ်၊ ကုလသမဂ္ဂ ဆိုင်ရာ လစ်ဗျား သံအမတ်တို့က ကဒါဖီ ဆင်းပေးဖို့နဲ့ ‘လူသားထု အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု’ အတွက် ကုလသမဂ္ဂ တပ်များ ကြားဝင်ဖို့ ပူးတွဲ ကြေငြာချက် ထုတ်ခဲ့ကြသည်။

ကုလသမဂ္ဂ လုံခြုံရေးကေင်စီက အာရပ်တော်လှန်ရေးများ ဆက်တိုက် ဖြစ်နေစဉ် အတွင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့က ပထမ ဆုံးအကြိမ် တံခါးပိတ် အရေးပေါ် အစည်းအဝေး လုပ်ခဲ့သည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက လစ်ဗျားအစိုးရဲ့ အပြစ်မဲ့ လူသားထု အပေါ် ကျူးလွန်တဲ့ ရက်စက်မှုကို လုံးဝ လက်မခံနိုင်ကြောင်း ပြောဆိုပြီး၊ အမေရိကန် ကာကွယ်ရေး ဦးစီးချုပ် မိုက်ခ် မူလန်က ‘လစ်ဗျား စစ်တပ်က သူ့ပြည်သူတွေကို သတ်ဖြတ်နေတာ ပြင်ပ ကမ္ဘာက လုံးဝ လက်ပိုက် ကြည့်နေမှာ မဟုတ်ဘူး” ဟု ၀င်ရောက် ထိန်းသိမ်းမယ့် အရိပ်အမြွက် စကား ပြောကြား လိုက်သည်။

Ref: မောက္ခ

0 comments:

အပေါ်သို့