Sunday, February 20, 2011

ဘိန်းခင်းကာကွယ်ပေးရန် စစ်အစိုးရမူးယစ်တိုက်ဖျက်ရေးအဖွဲ့ ကမ်းလှမ်း


မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်အတွင်းရှိ ဘိန်းခင်းများတွင် ရောက်နေသော အင်အား ၁၀၀ကျော်ရှိ မြန်မာစစ်အစိုးရဘိန်းတိုက်ဖျက်ရေးစစ်ကြောင်းက ဒေသခံများထံ ငွေတောင်းပြီး ဘိန်းခင်းများ ကာကွယ်ပေးရန် ကမ်းလှမ်းနေကြောင်း သိရသည်။

ငွေပေးသူများအား ၎င်းတို့၏ဘိန်းခင်းများဖျက်ဆီးခြင်းမခံရဘဲ မြန်မာစစ်တပ်၏ ကာကွယ်ပေးခြင်း ခံရမည်ဟု ကမ်းလှမ်းနေကြောင်း ဒေသခံရွာသားများပြောသည်။

opium_eradication_kachin၀ိုင်းမော်မြို့နယ် ဆဒုံးဒေသတွင် ဘိန်းခင်းများ ဖျက်ဆီးနေတဲ့ KIA စစ်သားတစ်ဦး။ ဓါတ်ပုံ-ကချင်သတင်းဌါန

ထို့အပြင် ယခုချိန် ယင်းဒေသတွင် ဘိန်းခင်းများဖျက်ဆီးနေသည့် ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ၏ အန္တရာယ်မှလည်း မြန်မာတပ်များကာကွယ်ပေးရန် စည်းရုံးနေကြောင်း ဒေသခံများဆိုသည်။

ယခုလိုကမ်းလှမ်းခြင်းကို မြန်မာစစ်တပ်လက်အောက် နယ်ခြားစောင့်တပ် (ယခင် New Democratic Army-Kachin, NDA-K) ထိန်းချုပ်နယ်မြေ ၀ိုင်းမော်မြို့နယ် ဆဒုံးဒေသထဲမှ ငါပျော်၊ ကွန်မိုင် နှင့် မဆာရွာများတွင် ပြုလုပ်ခဲ့သည်ဟု ရွာခံများ ပြော သည်။

စစ်အစိုးရ မူးယစ်တိုက်ဖျက်ရေးစစ်ကြောင်းတွင် ၀ိုင်းမော်မြို့နယ် ရွှေညောင်ပင်တပ်ရင်း ခမရ (၃၂၁) မှ စစ်သား ၆၀၊ တနိုင်းမြို့နယ် ဒေါင်ဘန်တပ်ရင်း ခလရ (၂၉၈) မှ စစ်သား ၃၀ နှင့် ရဲနှင့်မူးယစ်တိုက်ဖျက်ရေး အစိုးရတာဝန်ရှိသူများ ပါဝင်ကြောင်း ၎င်းစစ်ကြောင်းနှင့် နီးစပ်သူများဆိုသည်။

မြန်မာစစ်တပ်ကို ငွေပေးထားလျှင် ဘိန်းခင်းများ KIO ၏ လာရောက်ဖျက်ခြင်းအန္တရာယ်မှ ကာကွယ်ပေးမည်ဆိုသောကြောင့် ယခုချိန် ရွာသားအချို့မှာ မြန်မာစစ်တပ်တောင်းဆိုသည့် ငွေကြေးပမာဏရရှိရေး ဒေသအတွင်း အပူတပြင်း လိုက်ရှာနေကြသည်ဟု ရွာသားများ ဆက်ဆိုသည်။

ဆဒုံးဒေသသည် ကချင်ပြည်နယ်တွင် ဘိန်းအများဆုံးစိုက်ပျိုးရာနေရာလည်းဖြစ်သည်။

ယမန်နှစ် အောက်တိုဘာလမှစပြီး ယခုချိန်ထိ နယ်မြေ ဧက ၆၀၀၀ ကျော် (အထူးသဖြင့် ဆဒုံးဒေသ) တွင် ဘိန်းမစိုက်နိုင်အောင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) စစ်သားများ စောင့်ကြပ်ဟန့်တားနိုင်ခဲ့ကြောင်း KIO မူးယစ်တိုက်ဖျက်ရေး ဗဟိုကော်မတီအရှိများ ပြော သည်။

စစ်အစိုးရက ဘိန်းတိုက်ဖျက်ရေး အတူလက်တွဲပြုလုပ်ရန် KIO အား ကမ်းလှမ်း ခဲ့သော်လည်း KIO က စီမံကိန်းလက်တွေ့အောင်မြင်ရေးကိုရှေးရှုကာ သီးသန့် နည်းလမ်း ကို ရွေးချယ်ခဲ့သည်ဟု KIO မူးယစ်တိုက်ဖျက်ရေး ဗဟိုကော်မတီ ပြောရေးဆိုခွင့်ရှိသူ နော်ဘူ ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်သည် မူးယစ်ဆေးဝါးလွတ်လပ်စွာရောင်းဝယ်ဖောက်ကားမှု နှင့် သုံးစွဲမူ အမြင့်ဆုံးလည်းဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းသည် စစ်အစိုးရက ကချင်လူမျိုး များကို “မူးယစ် ဆေးဝါးစစ်ဆင်နေခြင်း” ဖြစ်သည်ဟု ကချင်များ ရှုမြင်ထားသည်။

Ref;KNG

0 comments:

အပေါ်သို့