Thursday, June 16, 2011

ဘုရားသုံးဆူတွင် မိုင်းနှင့် ဗုံးတလုံး တွေ့ရှိ

June 15th, 2011
ဂျူရီချိုင်း

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ပေါ် ဦးအောင်တင်ဝင်း နေအိမ်ကို အမည်မသိ လက်နက်ကိုင်များ ပစ်ခတ် ဖျက်ဆီး ပြီးနောက် နေအိမ် အနီးတွင် မိုင်းတလုံး၊ လျှပ်စစ်ကြိုးခွေနှင့် ကျည်ဆံတအိတ်ကို တွေ့ရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။၎င်းပြင် လျှပ်စစ် ဓါတ်အား ဖြန့်သည့် ထရန်ဖော်မာ အနီးတွင်လည်း မပေါက်ကွဲသေးသည့် ဗုံးတလုံးကို တွေ့ရှိခဲ့ကြောင်း မျက်မြင်များက ပြောသည်။

“မနေ့ညနေက မိုင်းနှင့် ဗုံးတွေ တွေ့ရတဲ့အတွက် အခုမြို့ပေါ် လျှပ်စစ်မီးတွေ ဖြတ်တောက်ထားတယ်” ဟု မျက်မြင်တဦးက ပြောသည်။

ယမန်နေ့ မွန်းတည့်အချိန်ခန့်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တဖွဲ့ ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် ဦးအောင်တင်ဝင်း အိမ်ဆိုင် မီးလောင် ပျက်စီးပြီး ၂ ဦး ဒဏ်ရာ အပြင်းအထန် ရရှိကာ မော်တော်ကား တစီးနှင့် မော်တော်ဆိုင်ကယ် တစီးလည်း ပျက်စီးခဲ့သည်။

ဒဏ်ရာ ရသူများမှာ နယ်စပ် ထိုင်းနိုင်ငံ စံခလပူရီမြို့မှ ဈေးသမားများ ဖြစ်ကြပြီး ကန်ချပူရီခရိုင် ဆေးရုံတွင် အရေးပေါ်လူနာအဖြစ် တက်ရောက် ကုသမှု ခံယူဆဲ ဖြစ်သည်။

“ဦးအောင်တင်ဝင်းအိမ်ကို RBG နဲ့ ပစ်တဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ဈေးရောင်းသမားတွေကလည်း ကားနဲ့ဝင်လာတော့ လက်နက်ကိုင်တွေက ထိန်းထားတယ်၊ မိုင်းဖောက်တော့ မိုင်းအစတွေ ထိသွားတယ်” ဟု အထက်ပါ မြို့ခံက ပြောသည်။

ယမန်နေ့က အင်အား ၃၀ ခန့်ရှိ လက်နက်ကိုင်များက မော်တော်ယာဉ် ၄ စီးဖြင့် ရပ်ကွက် ၄ (တောင်ဝိုင်းရပ်) ဘက်မှ ဝင်ရောက်လာပြီး နာရီဝက်ခန့် ပစ်ခတ်ပြီးနောက် ပြန်ထွက်သွားကြသည်။

လက်နက်ကိုင်များ ပစ်ခတ်စဉ်က ပျက်စီးသွားသည့် မော်တော်ကားမှာ ဇွန်လ ၅ ရက်နေ့ မျက်နှာဖုံးစွပ် လက်နက်ကိုင်များ စရဖရုံးနှင့် ဓမ္မာရုံကို ဖေါက်ခွပြီး ပြန်ထွက်စဉ်က လုယက်သိမ်းယူသွားသည့် မော်တော်ကား ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

Ref: Monnews

0 comments:

အပေါ်သို့