Friday, June 17, 2011

အပစ်အခတ်ရပ်စဲရေး ကချင်အတိုင်ပင်ခံ ကမ်းလှမ်း

သန်းထိုက်ဦး
17 June 2011

ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO)ကို အပစ်အခတ် ရပ်စဲရေးပြုလုပ်ရန် အစိုးရက ကချင် အတိုင်ပင်ခံကောင်စီ ကိုယ်စားလှယ်များမှ တဆင့် ယနေ့ ကမ်းလှမ်း လာကြောင်း KIO က ပြောသည်။


အပစ်အခတ်ရပ်စဲရေး ကို KIO အနေဖြင့် ကြိုဆိုသော်လည်း ဒေသခံ အစိုးရတပ်များအား ညွန့်ကြားထားသည့်စာ သို့မဟုတ် ကြေးနန်းစာကို ပြန်လည်တောင်းဆိုထားကြောင်း KIO တွဲဖက် အတွင်းရေးမှူး ဦးလနန်က ပြောပြသည်။

ယင်းသို့ ကမ်းလှမ်းမှုနဲ့ ပတ်သက်၍ အထောက်အထား တစုံတရာအပေါ်မှုတည်ပြီး ဆက်လက် စဉ်းစား ဆောင်ရွက်သွားရန် ရှိသည်ဟုလည်း ဦးလနန်က ဧရာဝတီသို့ ပြောသည်။

အပစ်အခတ် ရပ်စဲရေးအတွက် ကချင် အတိုင်ပင်ခံ ကောင်စီမှ ဥက္ကဌ ဦးဆင်ဝါးနှင့် အတွင်းရေးမှူး အပါအ၀င် ကော်မတီဝင် ၂ ဦးတို့က ကချင် လွတ်လပ်ရေး တပ်မတော်(KIA) ဗဟိုဌာနချုပ် လိုင်ဇာမြို့သို့ လာရောက်ဆွေနွေး ခဲ့သော်လည်း မအောင်မြင်ခဲ့ ကြောင်း သိရသည်။

ကချင် အတိုင်ပင်ခံ ကောင်စီ တာဝန်ရှိသူများက လိုင်ဇာမြို့သို့ မသွားရောက်ခင်၂ ရက်ခန့်က မြစ်ကြီးနားမြို့တွင် ဆက်သွယ် ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ကြီးဟောင်း ဦးသိန်းဇော်နှင့် တွေ့ဆုံခဲ့ကြောင်း ဦးလနန်က ဆိုသည်။

လက်ရှိတွင် စစ်ရေးအရတင်းမာနေပြီး မိုးညှင်းဒေသ၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

အစိုးရတပ်၏ ဆက်သွယ်ရေး လမ်းကြောင်းများ ပြတ်တောက်သွားရန် ကချင်ပြည်နယ် မိုးမောက်မြို့နယ် အတွင်းရှိ နမ်ဖတ်ခ ချောင်းကူး တံတားနှင့် မြစ်ကြီးနား - လိုင်ဇာ ကားလမ်းရှိ တံတား ၃ ခု ၊ ဖားကန့်-ကာမိုင်း ကားလမ်းပေါ်ရှိ တံတား တခုကို ပြီး ခဲ့သည့် ရက်ပိုင်းအတွင်းက ဖျက်ဆီးခဲ့ကာ ယမန်နေ့ကဖျက်ဆီးခဲ့သည့် တံတား ၁ ခုအပါအ၀င် တံတား ၆ ခုကို KIA ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

ထို့အပြင် KIA ထိန်းချုပ်နယ်မြေဖြစ်သော ရှမ်းပြည်နယ် နမ်ခမ်းမြို့နယ် အတွင်းရှိ နန့်လင်းပါနှင့် တွန်ဟုန်းရွာသားများကို တိုက်ပွဲဖြစ်ရာဒေသမှ စစ်အစိုးရ တပ်များက ထွက်ခွာခွင့်မပြုဘဲ လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း လိုင်ဇာ ဒေသခံ တဦးက ပြောသည်။

ယင်းဒေသရှိ ရွာသား ၄ ဦးကိုလည်း သံသယရှိသည်ဟုဆိုကာ အစိုးရတပ်များက ဖမ်းဆီးနှိပ်စက်ကြောင်း၊ ဒေသခံများသည် တခြားသော နေရာသို့ ထွက်ပြေးလိုကြသော်လည်း အစိုးရတပ်များက ခွင့်မပြုကြောင်း၊ တချို့က အာဏာပိုင်များကို လယ်ယာ သွားလုပ်ရန်ဟု အကြောင်းပြကာ လိုင်ဇာသို့ ထွက်ပြေးလာနေကြောင်းလည်း ၎င်းက ဆိုသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ ဗူးခါး လျှပ်စစ်ရုံး အနီးတွင် အစိုးရက လုံခြုံရေး တင်းကျပ်ထားပြီး ၀ိုင်းမော်နှင့် နောင်တာလော မြို့နယ်မှ တဆင့် လာရောင်းနေသည့် ဈေးသည်များလည်း နည်းပါးသွားကြောင်း ဒေသခံ အမျိုးသားတဦးက ပြောသည်။

“လမ်းပန်းဆက်သွယ်ရေး နည်းနည်း ကျပ်သွားတယ်၊ နောက်ပြီး လူတွေလည်း နည်းနည်း စိုးရိမ်တာလည်း ပါမှာပေါ့”ဟု ၎င်း က ဆိုသည်။

ဗန်မော်မြို့နယ်ဒေသခံ အမျိုးသမီးတဦးကမူ ၎င်းတို့ဒေသတွင် အစိုးရစစ်တပ်က ပေါ်တာဆွဲခြင်း မရှိသော်လည်း စစ်ဆေးရေး ဂိတ်များ၌ ခရီးသည်များကို ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ပြောသည်။

KIA ထိန်းချုပ်ဒေသများတွင် အစိုးရဘက်က နယ်မြေခံ တပ်ရင်း ၆ ခု အပြင် တပ်မ ၃၃၊ ၆၆ နှင့်၂၂ တို့မှ တပ်ရင်း တချို့တိုးချဲ့ချထားပြီး ခရီးသွားလာမှုကို ယခုရက်ပိုင်း အတွင်း တင်းကျပ်ထားကြောင်း သိရသည်။

အစိုးရက ကချင်ပြည်နယ် မိုးမောက်မြို့နယ် အတွင်းရှိ တာပိန် ရေအားလျှပ်စစ် စီမံကိန်းအနီးရှိ KIA တပ်များအား လုံခြုံရေး အရ စိတ်မချရသောကြောင့်ဟု အကြောင်းပြကာ ထွက်ခွာရန် ပြောဆိုခဲ့ပြီး ဇွန် ၉ ရက်နေ့က စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့
ခြင်းဖြစ်သည်။

တိုက်ပွဲများ ထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်သော ကချင် ဒေသခံများသည် တရုတ်-မြန်မာ နယ်စပ်ရှိ KIA ဗဟိုဌာနချုပ် လိုင်ဇာမြို့နှင့် မိုင်ဂျာယန် ထိန်းချုပ်ဒေသများနှင့် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

ယင်း စစ်ပြေးဒုက္ခသည်များကို ဘုရားကျောင်း၊ စာသင်ကျောင်းများတွင် နေရာထိုင်ခင်းပေး၍ အစားအသောက်များ စီစဉ်ပေး ထားကြောင်း သိရသည်။

KIA ထိန်းချုပ်ဒေသနှင့် အလှမ်းဝေးသည့် ဒေသခံတချို့မှာ မြစ်ကြီးနားမြို့ပေါ်ရှိ နီးစပ်ရာ ဆွေမျိုး၊ အသိမိတ်ဆွေများထံ သွား ရောက်နေထိုင်ကြောင်း သိရသည်။ တိမ်းရှောင်လာသူများသည် လိုင်ဇာ-မြစ်ကြီးနား ကားလမ်းမကြီးတလျှောက်မှ ဒေသခံများ၊ မြစ်ကြီးနားမြို့ပေါ်ရှိ KIA ၏ မိသားစုများ ဖြစ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အစိုးရထိန်းချုပ်သော သတင်းစာများက KIA ကို “သောင်းကျန်းသူ”ဟု ပြန်လည်သုံးနှုန်းခဲ့ ပြီးနောက် ၁၉၉၄ ခုနှစ်တွင် သဘောတူထားခဲ့သော အစိုးရတပ်နှင့် KIA အကြား အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြယ်ခဲ့သည်။
Ref: ဧရာဝတီ

0 comments:

အပေါ်သို့