Saturday, June 18, 2011

ကချင်ဒေသ တိုက်ပွဲများ ရပ်ဆိုင်းရန် တရုတ်နှင့် အမေရိကန် ပြော

ရန်ပိုင်
17 June 2011

တရုတ်နိုင်ငံက မြန်မာအစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)တို့ အကြား တိုက်ခိုက်မှုများကို အဆုံးသတ်ရန် ယမန်နေ့က တိုက်တွန်းလိုက်သည်။

တရုတ်နိုင်ငံ အနေဖြင့် နယ်စပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ အခြေအနေများပိုမိုဆိုးရွားမလာစေရန် နှစ်ဘက်စလုံး အနေဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟောင်လိုင်က ပြောဆိုသည်။


“နှစ်ဘက်စလုံး ထိန်းထိန်းသိမ်းသိမ်းနဲ့ ငြိမ်းချမ်း ရေးအတွက် တွေ့ဆုံ အဖြေရှာဖို့ တိုက်တွန်းပါ တယ်”ဟု ၎င်းကဆိုသည်။

ထို့အပြင် တိုက်ပွဲများကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသည့် ဒုက္ခသည်များကိုလည်း တရုတ်နိုင်ငံက အကူအညီများပေး သွားမည်ဟု ဟောင်လိုင်က ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကချင်ပြည်နယ် မိုးမောက်ဒေသတွင် ဖြစ်ပွားခဲ့သည့် အစိုးရတပ်နှင့် KIA တို့အကြား တိုက်ပွဲများ ကြောင့် ဒုက္ခသည်ပေါင်း ၁ သောင်းကျော်သည် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး တရုတ်နိုင်ငံတွင်းသို့လည်း သွားရောက် ခိုလှုံနေကြ ရသည်။

KIA ကလည်း ယခု ပဋိပက္ခတွင် တရုတ်နိုင်ငံ အနေဖြင့် ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးရန် မကြာသေးမီက တောင်းဆိုခဲ့သည်။

အမေရိကန်နိုင်ငံကလည်း ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကို စောင့်ကြည့်နေကြောင်း၊ မြန်မာအစိုးရ အနေဖြင့် စစ်ဆင်ရေးများရပ်ဆိုင်း၍ အမျိုးသား ရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာသင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရအမျိုးသမီး ကယ်လီ မက်ခ်ကယ်လော့က ပြောဆိုသည်။

“အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် လူနည်းစုတိုင်းရင်းသားတွေ၊ အတိုက်အခံအုပ်စုတွေနဲ့ ဆွေးနွေးပွဲတခု လိုလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က စတင်၍ တရုတ် မြန်မာနယ်စပ် တာပိန်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာအနီး တပ်စွဲထား သည့် KIA တပ်ဖွဲ့များကို အစိုးရတပ်က ဖယ်ရှား ခိုင်းရာမှ တိုက်ပွဲများ နေ့စဉ်ဆိုသကဲ့သို့ ဖြစ်ပွားနေခြင်း ဖြစ်သည်။

KIA သည် ၁၉၉၄ ခုနှစ်က ယခင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။
Ref: Irrawaddy

0 comments:

အပေါ်သို့