Thursday, June 16, 2011

မွန်ပြည်နယ် ဝန်ကြီးချုပ်၏ ဆရာတော် ပျံလွန်

ကွန်းချမ်း
ဇွန်လ ၁၅ ရက် ၂၀၁၁ ခုနှစ်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့် ကြည်ညိုကိုးကွယ်သည့် မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ရွာ လဝီမာန်ထောကျောင်း ဆရာတော် ဘဒ္ဒန္တ ဣန္ဒကသည် အရိုးကင်ဆာရောဂါဖြင့် သက်တော် ၇၅ နှစ်အရွယ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပျံလွန်တော်သွားပြီဖြစ်သည်။

လွန်ခဲ့သည့် ဧပြီလထဲတွင် ဦးအုန်းမြင့်နှင့် ဒါယကာများ၏ အထောက်အပံ့ဖြင့် စင်္ကာပူနိုင်ငံတွင် တလခန့် သွားရောက်ကုသခဲ့ပြီး၊ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဗဟိုလမ်းပေါ်ရှိ အာရှတော်ဝင် အထူးကု ဆေးခန်းကြီးတွင်လည်း လွန်ခဲ့သည့် နှစ်ပတ်ခန့်က တက်ရောက်ကုသခဲ့သေးသည်။

ဆရာတော် ပျံလွန်တော်မူပြီးနောက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဒေါက်တာမင်းနွယ်စိုး၊ စွမ်းအင်နှင့် လျှပ်စစ်စွမ်းအားဝန်ကြီး နိုင်လဝီအောင်တို့ လာရောက်၍ ဖူးမျှော် ကန်တော့ ကြောင်း တပည့်သံဃာတော် တပါးက မိန့်သည်။

တပည့် ဒါယကာ တဦးက “အခြေအနေ မကောင်းတော့လို့ လွန်ခဲ့တဲ့ ၂ ရက်က ရန်ကုန်ကနေ ဆင်းလာတာ။ ရန်ကုန်က ဆရာဝန်တွေလည်း ပါတယ်။ ဝန်ကြီးတွေလည်း ကျောင်းမှာ အများကြီးပဲ” ဟု မဇ္ဈိမကို ပြောသည်။

ဆရာတော်ကြီးသည် ကမာဝက်ရွာဇာတိ သက်တော် ၇၅ နှစ်၊ သိက္ခာတော် ၅၅ ဝါရှိ မဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တဆိပ်တော်ရဖြစ်ပြီး၊ လွန်ခဲ့သည့် ၂ နှစ်ခန့်မှစပြီး ပျံလွန်တော်မူချိန်ထိ မွန်စာပေနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်ကြားရေးအဖွဲ့ မွန်ဒေသလုံးဆိုင်ရာ ဥက္ကဌ နှင့် မုဒုံမြို့နယ် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

“ဆရာတော်က ရပ်ရွာဖွံ့ဖြိုးရေးမှာလည်း အများကြီး လုပ်လာခဲ့တယ်။ နောက်တော့ မွန်စာပေအတွက်လည်း အပင်ပန်းခံပြီး လုပ်လာခဲ့တယ်။ ဆရာတော် ပျံလွန်တော်မူတာ ကြယ်တပွင့် ကြွေသွားသလို ခံစားရတယ်” ဟု မွန်စာပေအဖွဲ့မှ သံဃာတော်တပါးက မိန့်သည်။

ဆရာတော်သည် ၂ဝ၁ဝ ရွေးကောက်ပွဲကို ထောက်ခံပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့် မုဒုံမြို့နယ်အတွင်း မဲဆွယ်စည်းရုံးစဉ်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် အကူအညီများ ပေးခဲ့သည်။

ဆရာတော်၏ ရုပ်ကလာပ်ကို နယုန်လပြည့်ကျော် ၅ ရက်နေ့ (ဇွန် ၂၁ ရက် ၂ဝ၁၁ ခုနှစ်) တွင် မှန်တိုက်သွင်းပြီး တပို့တွဲလဆန်း ၃ ရက်နေ့ (ဇန်နဝါရီ ၂၆ ရက် ၂ဝ၁၂ ခုနှစ်) တွင် ကျောင်းအနီး ကျိုက်ဇရာ စေတီရှေ့ ကွင်းပြင်တွင် မီးသင်္ဂြိုဟ်မည်ဟု တပည့် သံဃာတော်တပါးက မိန့်ဆိုသည်။

Ref: Mizzima

0 comments:

အပေါ်သို့