Friday, June 17, 2011

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုဖြစ်ပွား

June 16, 2011

ဒီကနေ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အတွက် လှုပ်ရှား မှုတွေကို ရန်ကုန်တိုင်းက မြို့နယ်တချို့၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးနဲ့ ရခိုင်ပြည်နယ်က တချို့မြို့နယ်တွေမှာ ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့ရဲ့နေရာအတော် များများမှာ လူငယ်ကျောင်းသားအဖွဲ့ မှ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် စာရွက်ဖြန့်ဝေခြင်း၊ ကပ်ခြင်း၊ ရပ်နီး ရပ်ဝေး သို့ ကြေငြာချက်များ စာတိုက်မှ ပေးပို့ခြင်း စတဲ့ လှုပ်ရှားမှုတွေ ပြု လုပ်ခဲ့ပြီး၊ နိုင်ငံရေးအကျဉ်းသား မိသားစုဝင် တချို့က တော့ နီးစပ်ရာ စုစည်းပြီး ဆုတောင်ပွဲတွေ ပြုလုပ် ခဲ့ကြပါတယ်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲ ပြုလုပ်ခဲ့တဲ့ ရန်ကုန်မြို့က နိုင်ငံရေးအကျဉ်းသားတဦးရဲ့ဖခင် တဦးကို မေးမြန်းခဲ့ရာ …..


“ဒီနေ့ ဆုတောင်းပွဲ အခြေအနေလေး ပြောပြပါလား အန်ကယ်”

“နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် ဆုတောင်းပွဲ လုပ်တာပါ။ ဒီမှာ ငှက်လွှတ်ပွဲတို့ အကျွေးအမွေးနဲ့ နိုင်ငံရေး အကျဉ်းသား မိသာစုတွေနဲ့ ကိုယ့် ရဲဘော် ရဲဘက်တွေ စုပြီးတော့ ဒီမှာ အခမ်းအနားသဘောမျိုး ဆုတောင်းပွဲ လုပ်တာပါ။ လူ ၆၀ နီးပါး လာတက်ပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရော ကျနော်တို့ လုပ်ဖော်ကိုင်ဘက် တွေရော ပါပါတယ်။ မိသားစုဝင် တွေလည်း ပါပါတယ်”

“ဆုတောင်းပွဲတွေလုပ်တာ ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမယ်လို့ မျှော်လင့်ထားလဲ”

“ကျနော်တို့က ဗုဒ္ဓဘာသာလူမျိုးတွေ ဆိုတဲ့ အခါကြတော့ ဘာသာရေး ထုံးတန်း အစဉ်အလာအရ ကိုယ့်ရဲ့ မိသားစုဝင် တွေ အကျဉ်းကျ ခံနေတာ လွတ်မြောက်ဖို့အတွက် ယုံကြည့်ချက်နဲ့ လုပ်ကြတာပါ”

“နိုင်ငံရေးအကျဉ်းသား မိသားစုတွေဟာ တနိုင်ငံလုံးမှာ ရှိနေတဲ့အတွက် အခုလို ဆုတောင်းပွဲတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်သင့်တယ်လို့ မြင်မိပါသလား”

“ဒါကတော့ မိသားစုဝင်တိုင်းက ကိုယ်မိသားစုထဲက တစုံတယောက်က ဒီလို အကျဉ်းကျခံနေရတယ်ဆိုတာမျိုး ဘယ်သူမှ မခံနိုင်ကြပါဘူး။ ဒီလိုပဲ ကျနော်တို့က စုစုဝေးဝေးနဲ့ မလုပ်နိုင်ကြတောင်မှ ကိုယ်အိမ်မှာ ကိုယ့်ဟာကိုတော့ ဆုတောင်း နေကြမှာပါ ခင်ဗျ”

“ဒီနေ့ လုပ်တဲ့ပွဲနဲ့ပတ်သက်ပြီး အန်ကယ့် အနေနဲ့ ဘာများ ပြောချင်းပါလဲ”

“ကျနော်တို့ မိသားစုတွေမှာ ဗမာပြည်မှာ နိုင်ငံရေးအကျဉ်းသားမှရှိဘူး ဆိုပြီး ငြင်းပယ်ခံရတဲ့ ကိစ္စအပေါ်မှာ ကျနော်တို့ မိသားစုတွေ အနေနဲ့ အလွန် တော်တော်စိတ်မချမ်းမသာ ဖြစ်ရပါတယ်။ ကျနော်တို့ သားသမီးတွေဟာ အခု အမှန် တကယ် နိုင်ငံရေးလုပ်လို့ ထောင်ကျပါလျက်နဲ့ ရာဇဝတ်သားတွေလို သတ်မှတ်ခံထားရတဲ့ ကိစ္စကိုတော့ လုံးဝ မလိုလားပါဘူး”

“အန်ကယ့် အနေနဲ့ပေါ့နော် နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့ ဖခင်အနေနဲ့ တခြားအကျဉ်းကျနေတဲ့ အကျဉ်းသား မိသားစုဝင်တွေ ပူးပေါင်းပါဝင်လာဖို့အတွက် ဘယ်လို့များ တိုက်တွန်းချင်ပါသလဲ”

“အဲဒါကတော့ အကုန်လုံးဝိုင်းဝန်းပြီးတော့ ညီညီညွတ်ညွတ် လုပ်ကြရင်တော့ ကောင်းတာပေါ့ ခင်ဗျာ”

လို့ ပြောပြသွားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ကလည်း ရန်ကုန်မြို့မှာ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အကျဉ်းကျခံနေရသေးတဲ့ နိုင်ငံရေး အကျဉ်းသားမိသားစုတွေ တွေ့ဆုံပွဲလေးတခုကို အကျဉ်းကျခံနေရသော ၈၈ မျိုး ဆက် ကျောင်းသား ကိုပဏ္ဍိတ်ထွန်း နေအိမ်တွင် စုဝေးပြီး ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါသေးတယ်။

ကြံ့ဖွံ့အစိုးရတက်လာပြီး အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို မြန်မာ့နည်း မြန်မာ့ဟန်ကျင့်သုံးကာ တနှစ်လျော့ လွတ် ငြိမ်းချမ်းသာခွင့်သာ ပေးခဲ့တဲ့အတွက် မေလ ၁၇ ရက်နေ့က မြန်မာပြည်ထောင်ပေါင်းစုံမှ လွတ်မြောက်လာသူတွေ ထဲမှာ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၇ ဦးသာ ပါရှိခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းကျနေသူ မိသားစုဝင်တွေရဲ့ မျှော် လင့်ချက်တွေကို နင်းချေလိုက်တဲ့ လုပ်ရပ် ဖြစ်နေတာကြောင့် တက်သစ်စ ကြံ့ဖွံ့အစိုးရကို နိုင်ငံတကာမှ ပြောဆို ဝေ ဖန်တာတွေ ခံနေရပါတယ်။
Ref: နေ့သစ်

0 comments:

အပေါ်သို့