Thursday, June 16, 2011

ထိုင်းဘတ်ငွေ ကျဆင်းမှု လုပ်သားများ အခက်တွေ့

June 15th, 2011
ကျလွန်းထော

ထိုင်းဘတ်ငွေ ဈေးနိမ့်ပြီး မြန်မာငွေ ဈေးခိုင်နေခြင်းကြောင့် ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများ နေရပ်ထံ ငွေပို့ရန် အခက်အခဲနှင့် ကြုံတွေ့ကြရသည်။ ထိုင်းဘတ်ငွေ ဈေးကောင်းစဉ်က မြန်မာနိုင်ငံရှိ မိသားစုထံသို့ လစဉ် ကျပ် ၂ သိန်းခန့် ပေးပို့နိုင်သော်လည်း ယခု ကျပ် ၁ သိန်းပင် မပို့နိုင်တော့ကြောင်း ဘန်ကောက်မြို့မှ ပန်းရံသမား ကိုငယ်က ပြောသည်။

“ဘတ်ဈေးကလည်း ကျ၊ ကုန်ဈေးနှုန်းကလည်း တက်နေတော့ ငွေအပိုအကျန် သိပ်မရှိတော့ဘူး၊ လုပ်ခကလည်း ဒီအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင် မြန်မာပြည်ကိုပဲ ပြန်ရတော့မယ်” ဟု ကိုငယ်က ပြောသည်။

သင်္ကြန်လွန်ချိန် ဧပြီလလယ်ခန့်တွင် မြန်မာငွေ ၁ သိန်းကျပ် ရရန် ထိုင်းငွေ ၃၃၀၀ ဘတ်သာ ပေးရသော်လည်း ယနေ့ ဇွန်လ ၁၅ ရက် ပေါက်ဈေးအရ ၄၀၅၀ ဘတ်ထိ ပေးဆောင်ရပြီး ထိုင်းဘတ်ငွေ ဆက်လက် ကျဆင်းနိုင်ဖွယ် ရှိသည်ဟု ထိုင်းမြန်မာ-နယ်စပ် ဘုရားသုံးဆူမြို့မှ ငွေလွှဲသူ တဦးက ပြောသည်။

ထိုင်းငွေ ကျဆင်းပြီး မြန်မာနိုင်ငံသို့ ငွေပို့သူ နည်းလာသည့်အတွက် ငွေလွှဲသူများလည်း ဝင်ငွေ ထိခိုက်ရသည်ဟု မွန်ပြည်နယ် မုဒုံမြို့မှ ငွေလွှဲသူ အမျိုးသမီးတဦးက ပြောသည်။

“ပိုက်ဆံသိပ်မပို့ကြတော့ဘူး၊ ပို့ပြန်တော့လည်း ၁ သိန်းလောက်ပဲ ပို့တော့ ကျမတို့လည်း နည်းနည်းပဲ ရတာပေါ့” ဟု သူမက ပြောသည်။

ဘန်ကောက်မြို့မှ အိမ်ဖော်အလုပ်သမ မိရင်းကလည်း မိဘအိမ်သို့ လစဉ် ကျပ်ငွေ ၁ သိန်းခွဲ ပို့နိုင်ခဲ့သော်လည်း ယခု ၁ သိန်းခန့်သာ ပို့နိုင်တော့သည်ဟု ပြောသည်။

“ကိုယ်သုံးဖို့လည်း လက်မှာ ထားထားရတာပေါ့နော်၊ အရင်ကလို မပို့နိုင်တော့ဘူး၊ ကြားတာတော့ ဘတ်ဈေး ထပ်ကျဦးမယ်တဲ့” ဟု သူမက ပြောသည်။

မြန်မာငွေ ဈေးခိုင်ခြင်းကြောင့် ထိုင်းနိုင်ငံ ဒေသအသီးသီးမှ မြန်မာအလုပ်သမားများအပြင် မလေးရှားနိုင်ငံရှိ မြန်မာအလုပ်သမားများကလည်း နေရပ်သို့ ပြန်ရန် စီစဉ်နေကြသည်ဟု မလေးရှားနိုင်ငံရောက် မြန်မာအလုပ် သမားတဦးက ပြောသည်။

“အခု သူများနိုင်ငံမှာ လုပ်စားလို့ မကောင်းတော့ဘူး၊ ကိုယ်က သုံးရတာနဲ့ အိမ်ပို့တာ နည်းနည်းလေးပဲ ကျန်တယ်” ဟု သူက ပြောသည်။

ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်သူများ၏ ပို့ငွေကို မှီခိုနေရသည့် မိသားစုဝင်များ အနေဖြင့် လက်ရှိ ငွေကြေး ဈေးနှုန်းကြောင့် အခက်အခဲများစွာနှင့် ရင်ဆိုင်ကြရသည်။

Ref: မွန်သတင်းဌာန

0 comments:

အပေါ်သို့