Thursday, June 16, 2011

လူ့အခွင့်အရေး ကိစ္စ မြန်မာတာဝန်ခံရန် အမေရိကန် ပြော

ဇွန်လ ၁၆ ရက် ၂၀၁၁ ခုနှစ်

လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟူသော စွပ်စွဲချက်များအတွက် မြန်မာနိုင်ငံကို တာဝန်ခံစေလိုကြောင်း အမေရိကန်က ကုလသမဂ္ဂကို ပြောကြားလိုက်သည်ဟု AP အေပီ သတင်းတရပ်က ဆိုသည်။

တရုတ်၊ အီရန်၊ လစ်ဗျား၊ မြောက်ကိုရီးယား၊ ဘားရိန်း၊ ဘီလာရုစ်၊ ကျူးဘား၊ သီရိလင်္ကာ၊ ဆူဒန်၊ ဆီးရီးယား၊ ဗီနီဇွဲလား၊ ယီမင်နှင့် ဇင်ဘာဘွေတို့ကိုလည်း လူ့အခွင့်အရေး ချိုးဖောက်သော နိုင်ငံများအဖြစ် အမေရိကန်ကပြောဆိုထားသည်။

"သဘောထား ကွဲလွဲသူများကို ဖိနှိပ်သော်လည်း အရေးယူ အပြစ်ပေး မခံရသော နိုင်ငံများစွာ ရှိသည်" ဟု ကုလလူ့အခွင့်အရေး ကောင်စီသို့ စေလွှတ်ထားသော အမေရိကန် သံအမတ်ကြီး အီလင်း ချိန်ဘာလိန် ဒိုနာဟိုး Eileen Chamberlain Donahoe က ပြောသည်ဟု AP က ရေးသားသည်။

ဇွန်လတွင် ကျင်းပခဲ့သော ၁၇ ကြိမ်မြောက် ကုလ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးက နိုင်ငံပေါင်း ၁၉၂ နိုင်ငံရှိ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကို `ကမ္ဘာလုံးဆိုင်ရာ ပုံမှန်သုံးသပ်မှု´ UPR အဖြစ် ပြုလုပ်ခဲ့သည်။

အဆိုပါ UPR ကို ၄ နှစ်တကြိမ် ပြုလုပ်ပြီး လူ့အခွင့်အရေး အခြေအနေနှင့် စပ်လျဉ်း၍ တိုးတက်စေရန် မည်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုထားပြီ ဆိုသည်ကို ကြေညာခွင့်မှာ နိုင်ငံတိုင်းကို ပေးအပ်ထားသည်။ အလားတူ အဖွဲ့ဝင်နိုင်ငံများကို နိုင်ငံတနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများ တိုးတက်စေရန် လုပ်ဆောင်ရမည့် အချက်များကိုထောက်ခံတင်ပြခွင့်လည်း ပေးအပ်ထားသည်။

‘‘ကမ္ဘာတွင် လူ့အခွင့်အရေး အခြေအနေ အဆိုးဆုံးဖြစ်ပွားနေသည့် နိုင်ငံများတွင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရာ၌ UPR သည် အလွန်အစွမ်းထက်သည်’’ ဟု ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကပြောဆိုခဲ့သည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် AI အဖွဲ့ကြီး၏ အပြောအရ မြန်မာနိုင်ငံသည် အဆိုပါ ပြန်လည် သုံးသပ်မှုတွင်ပြုလုပ်ခဲ့သော ထောက်ခံတင်ပြမှု ၁၉ဝ အနက် ၇၄ ခုကိုသာ လက်ခံခဲ့သည်ဟု မဇ္ဈိမသတင်းဌာနက ကြာသပတေးနေ့တွင် ရေးသားခဲ့သည်။

မည်သည့် တင်ပြချက်များကို လက်ခံသည်ဟူသော အချက်ကို ရှင်းလင်းတင်ပြရန် AI က မြန်မာနိုင်ငံကိုတောင်းဆိုခဲ့ပြီး၊ ‘‘ မြန်မာနိုင်ငံက ငြင်းပယ်ခဲ့သော ထောက်ခံတင်ပြချက် ၇ဝ အနက် အများအပြားမှာ နိုင်ငံတွင်း လူ့အခွင့်အရေး ကာကွယ်မှုများ ပြုလုပ်ရာ၌ အနိမ့်ဆုံး လိုအပ်ချက်များ ဖြစ်သည်’’ ဟု AI ၏ ကြေညာချက်တွင် အလေးပေး ဖော်ပြထားသည်။

ကုလလူ့အခွင့်အရေး ကောင်စီသည် သေဒဏ်ပယ်ဖျက်ရေးအတွက် အမေရိကန်ကို တိုက်တွန်း ပြောကြားခဲ့ပြီး၊ ယင်းအတွက် ၂ဝ၁ဝ နိုဝင်ဘာတွင် ကောင်စီ၏ ဝေဖန်ပြောကြားခြင်း ခံခဲ့ရသည်။ အီရတ်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် အမေရိကန် ပါဝင် ပတ်သက်နေမှုများကို အပြည့်အဝ စုံစမ်းစစ်ဆေးမှုများပြုလုပ်ပါရန်လည်း ကုလအဖွဲ့က အမေရိကန်သမ္မတ မစ္စတာအိုဘားမားကို တောင်းဆိုခဲ့သည်ဟု ဂါးဒီးယန်း သတင်းစာကြီးက ရေးသားထားသည်။

Ref: Mizzima

0 comments:

အပေါ်သို့