Tuesday, June 14, 2011

မြန်မာပြည်တွင်း လုပ်ငန်းများ ပိုမိုလုပ်ရန် ILO ကို ဒေါ်စု တောင်းဆို

ဇွန်လ ၁၄ ရက် ၂၀၁၁ ခုနှစ်

မြန်မာနိုင်ငံအတွင်း လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်ရန်နှင့် အလုပ်သမားများကို အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းခွင့် ပြုသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ အလုပ်သမားအဖွဲ့ ILO ကိုတောင်းဆိုလိုက်သည်။

ILO ၏ အကြိမ် ၁၀၀ မြောက် အထွေထွေ ညီလာခံကို ဂျနီဗာတွင် တနင်္လာနေ့တွင် ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမိန့်ခွန်း ပေးပို့ကာ ထိုသို့ ပန်ကြားပြောဆိုခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် တချိန်က `အောင်မြင်ရန် အခွင့်အလမ်း အများဆုံး´ နိုင်ငံအဖြစ် ရပ်တည်ခဲ့သော်လည်း ယခုအခါ `ဒေသတွင်း အခြားနိုင်ငံများ အားလုံးနီးပါး၏ နောက်တွင် ပြတ်ကျန်ခဲ့ပြီ´ ဟု သူက ဆိုသည်။


‘‘သမာအာဇီဝ အလုပ်ဖြင့် အနာဂတ်ကို တည်ထောင်ကြပါစို့’’ ဟူသော ဦးတည်ချက်ဖြင့် ကျင်းပသည့် ထိုအစည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည်က `လက်ခံနိုင်ဖွယ် စံများရှိသည့် လူမှုတရားမျှတမှုစနစ်ဖြင့် လွှမ်းခြုံကာကွယ်ပေးထားနိုင်သော လူ့အဖွဲ့အစည်း တရပ်ကို ကျမတို့ ပြည်သူလူထုကြီးက ငတ်မွတ် တောင့်တလျက် ရှိပါသည်။ ယင်းသည် နိုင်ငံရေးနှင့် စီးပွားရေး တိုးတက်မှုများနှင့်လည်း ဆက်စပ်လျက်ရှိ ပါသည်´ ဟု ပြောကြားသွားသည်။

‘‘ကျမတို့နိုင်ငံတွင် ကျယ်ပြန့်သော လူမှုတရားမျှတမှုစနစ်ရှိသည့် ခေတ်သစ်ကြီးသို့ ရှေးရှုချီတက်ရာတွင် ILO အနေဖြင့် လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်သည်ကို စောင့်မျှော်နေပါသည်။ အထူးသဖြင့် ကျမတို့နိုင်ငံမှ အလုပ်သမားများ အနေနှင့် အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းခွင့်ရရေးကို စိတ်ဝင်တစား မျှော်လင့်နေပါသည်။ အမြင့်မားဆုံး နိုင်ငံတကာ စံနှုန်းများဖြင့် အမြန်ဆုံး ဖွဲ့စည်းခွင့်ရရေးကို မျှော်လင့်ပါသည်’’ ဟု သူက ပြောသည်။

‘‘အဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက်ရေးနှင့် ကလေးစစ်သား စုဆောင်းမှု ပပျောက်ရေးတို့အတွက် ILO ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို ကြိုဆိုကြောင်း’’ သူက ပြောဆိုခဲ့သည်။ ထို့အတူ ‘‘မြန်မာနိုင်ငံတွင်း အခြေ အနေများ တိုးတက် ကောင်းမွန်လာရန် စိတ်ပိုင်းဖြတ်ထားသူများနှင့် အလုပ်သမား အခွင့်အရေး ဆောင်ရွက် နေသည့် အဖွဲ့အစည်းများ အကြား ပိုမိုနီးကပ်သည့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက် ဖြစ်ပေါ်လာမည်’’ ဟု သူမျှော်လင့်ကြောင်း ပြောသွားသည်။

နိုင်ငံတနိုင်ငံတွင် အောင်မြင်သည့် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်လာစေရန်မှာ အလုပ်သမား အခွင့်အရေးသည် ခွဲခြား မရသည့် အစိတ်အပိုင်း တရပ်ဟု ဆိုပြီး၊ ‘‘နိုင်ငံတနိုင်ငံတွင် မအောင်မမြင် ဖြစ်ခြင်းသည် အခြားနိုင်ငံများ၏ တိုးတက်ရေးတွင် အဟန့်အတား ဖြစ်စေသည်’’ ဟု ILO က ယုံကြည်သည်ဆိုသည့် ကြေညာချက်ကိုလည်း သူက အလေးထား ပြောကြားသွားသည်။

‘‘မြန်မာနိုင်ငံ ထိုသို့ ကျဆုံးသွားခြင်းမျိုးကို ခွင့်ပြုထား၍ မဖြစ်ဘဲ တကမ္ဘာလုံးကလည်း ထိုသို့ မြန်မာနိုင်ငံ ကျဆုံးသွားသည်ကို ခွင့်ပြုထား၍ မဖြစ်ပါ’’ ဟု မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်က ပြောကြားခဲ့သည်။

မြန်မာအတိုက်အခံ ခေါင်းဆောင် ပေးပို့သော ဗီဒီယို မိန့်ခွန်းအပြင် အခြားအစိုးရ အကြီးအကဲများ၊ နိုင်ငံတကာ
ခေါင်းဆောင်များလည်း ILO ညီလာခံ၌ ယခုတပတ်အတွင်း မိန့်ခွန်းပြောမည် ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ အလုပ်အကိုင် အကျပ်အတည်း၊ ညီမျှသော တိုးတက်မှုနှုန်း ရရှိရေး သမာအာဇီဝ အလုပ်အကိုင် ရရှိရေး တို့အတွက်လည်း အဆင့်မြင့် အစုလိုက် ဆွေးနွေးပွဲများကို ILO က ညီလာခံအတွင်း ပြုလုပ်သွားမည် ဖြစ်သည်။

Ref: Mizzima

0 comments:

အပေါ်သို့