Wednesday, June 15, 2011

မြန်မာ-KIA စစ်ပွဲပေါ် ပြည်ပရောက်ကချင်အမျိုးသားများ တုံ့ပြန်

14 June 2011

မြန်မာ-KIO စစ်ပွဲကြောင့် နိုင်ငံတကာရောက် ကချင်အမျိုးသားများ ၎င်းတို့ရောက်ရှိရာ နိုင်ငံအသီးသီးမှ အထူးဝတ်ပြုဆုတောင်းမှု များ ပြုလုပ်နေကြသည်။

ယမန်နေ့ ဒိန်းမတ်ရောက် ကချင်အမျိုးသားများ စုပေါင်း၍ အစာရှောင် ဆုတောင်းခြင်း ပြုခဲ့သည်။

“ခုချိန်မှာဖြစ်နေတဲ့ ကျွန်တော်တို့ဌာနေကစစ်ပွဲအတွက် ကိုယ်ရောက်နေတဲ့နေရာမှာစုပြီး ဘုရားသခင်ဆီ အစာရှောင်ဆုတောင်းကြတယ်” ဟု ဒိန်းမတ်ရောက်ကချင်အမျိုးသားတစ်ဦးပြောသည်။


ဂျာမနီနိုင်ငံတွင်လည်း ယနေ့ညသန်းခေါင်မတိုင်ခင် ဆရာ ပေါလုမှ ဦးဆောင်ကာ ရှေ့တန်းစစ်မြေပြင် KIA စစ်သား များအတွက် အထူးသီးသန့် ဆုတောင်း အစီအစဉ်များပြုလုပ်မည်ဖြစ်သည်ဟု သိရသည်။

“အားလုံးက ဒီစစ်ပွဲမှာ KIA ကိုထောက်ခံတယ်။ မှန်ကန်မျှတတဲ့တရားကိုလိုက်နာပြီးတိုက်ခိုက်တဲ့ KIA ဟာ ကျွန်တော် တို့အားလုံးအတွက် တိုက်ခိုက်တာဖြစ်တဲ့အတွက် အားလုံး အားပေးသွားကြရအောင်”ဟု ပြောဆိုထားသည်။

ထို့အပြင် လာမည့် ဇွန် ၂၄ ရက်တွင် ဂျပန်၊ အမေရိကန်၊ အင်္ဂလန်နိုင်ငံများရှိ ကချင်အမျိုးသားများက ၎င်းတို့ ရောက်ရှိနေသည့်နိုင်ငံများရှိ မြန်မာသံရုံးများရှေ့သွားရောက်ပြီး မြန်မာအစိုးရသစ်၏ ထိုးစစ်အပေါ် ကန့်ကွက် သွားမည်ဟု ပြည်ပရှိ ကချင်အမျိုးသားတစ်ဦးပြောသည်။

မလေးရှား၊ နော်ဝေး၊ နယ်သာလန်၊ ဂျာမနီ၊ သြစတြေးလျ၊ နယူးဇီလန်နှင့် ထိုင်းနိုင်ငံများတွင်လည်း ကချင် အမျိုးသားများက သက်ဆိုင်ရာနိုင်ငံအသီးသီးမှ ကန့်ကွက်ဆန္ဒပြပွဲအတွက် ခွင့်ပြုချက်တောင်းခံနေဆဲဖြစ်သည်ဟု Kachin National Organization (KNO) ၏ facebook စာမျက်နှာတွင်ဖော်ပြထားသည်။

ကချင်အမျိုးသားအစည်းအရုံး KNO က “ပြည်တွင်းစစ်ကိုဖြစ်ပေါ်စေသည့် ကြံ့ဖွံ့အစိုးရသစ်၏ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအပေါ် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းကို ပြင်းထန်စွာရှူံ့ချခြင်း” ဟူသော ကြေညာချက် တစ်ခု မနေ့က ထုတ်ပြန်ထားသည်။

စစ်ပွဲကြောင့် ပြည်တွင်းတွင်နေထိုင်သည့်ကချင်လူမျိုးစုများသာမက ပြည်ပရောက် ကချင်တိုင်းရင်းသားများ လည်း နေ့ညမပြတ် ၀တ်ပြုဆုတောင်းပေးနေသည်။

Ref: ကချင်သတင်းဌာ

0 comments:

အပေါ်သို့