Friday, September 9, 2011

အပစ်ရပ်မှု ဆက်ထိန်းထားရန် ကြံ့ဖွံ့ကိုယ်စားလှယ်များ ဆွေးနွေး

ရန်ပိုင်
08 September 2011

လက်ရှိ အခြေအနေအတိုင်း အပစ်အခတ် ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းထားရန် “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မ တော် (UWSA) နှင့် တွေဆုံခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ အစိုးရ ထိပ်တန်း ကိုယ်စားလှယ် ၂ ဦးက ဆွေးနွေးကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် ဦးအောင်သောင်းက UWSA အနေဖြင့် ယခင်ကကဲ့သို့ မြို့ကြီးများတွင် ဆက်ဆံရေးရုံးများ ပြန်လည် ဖွင့်လှစ်ရန်၊ နှစ်ဖက်တပ်ဖွဲ့များ လက်ရှိအခြေအနေအတိုင်း ဆက်ရှိနေရန်၊ UWSA တပ်ဖွဲ့များ အစိုးရနယ်မြေများသို့ လာရောက် လျှင် ကြိုတင်အကြောင်းကြားရန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် တူညီသည့် ဘုံအချက်များကိုသာ ဆွေးနွေးပြီး ပဋိပက္ခဖြစ် မည့် အငြင်းပွားဖွယ်အချက်များကို ရှောင်ရန် စသည့်အချက်များကို ဆွေးနွေးကြောင်း UWSA မှ အရာရှိတဦးက ပြောသည်။


ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် ဦးအောင်သောင်းက UWSA အနေဖြင့် ယခင်ကကဲ့သို့ မြို့ကြီးများတွင် ဆက်ဆံရေးရုံးများ ပြန်လည် ဖွင့်လှစ်ရန်၊ နှစ်ဖက်တပ်ဖွဲ့များ လက်ရှိအခြေအနေအတိုင်း ဆက်ရှိနေရန်၊ UWSA တပ်ဖွဲ့များ အစိုးရနယ်မြေများသို့ လာရောက် လျှင် ကြိုတင်အကြောင်းကြားရန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် တူညီသည့် ဘုံအချက်များကိုသာ ဆွေးနွေးပြီး ပဋိပက္ခ ဖြစ် မည့် အငြင်းပွားဖွယ်အချက်များကို ရှောင်ရန် စသည့်အချက်များကို ဆွေးနွေးကြောင်း UWSA မှ အရာရှိတဦးက ပြောသည်။

စက်တင်ဘာလ ၆ ရက်နေ့က UWSA ၏ ဘဏ္ဍာရေးနှင့် စီးပွားရေးတာဝန်ခံ ဦးပေါက်ယိုလျံ၊ ပြန်ကြားရေးအရာရှိ ဦးအောင်မြင့်၊ ပြည်ပဆက်သွယ်ရေး တာဝန်ခံ ဦးကျောက်ဂူရမ်တို့နှင့် အာဏာရ ကြံ့ဖွံ့ပါတီခေါင်းဆောင် စက်မှုဝန်ကြီးဟောင်း ဦးအောင် သောင်း၊ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းဇော်တို့ ရှမ်းပြည်နယ် ကျိုင်းတုံမြို့၌ တွေဆုံကြခြင်း ဖြစ်သည်။

ယခုဆွေးနွေးမှုသည် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် UWSA နှင့် ပထမဆုံးအကြိမ် ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်အတွင်းက နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးနှင့် ပတ်သက်၍ နှစ်ဖက်တင်းမာမှုများ ဖြစ်ပွားခဲ့စဉ် ပြန်လည်ခေါ်ယူခဲ့သည့် အစိုးရ၀န်ထမ်းများကိုလည်း ယခုအခါ ပြန်လည်လက်ခံရန် ကမ်းလှမ်းချက်လည်း ဆွေးနွေးရာတွင် ပါဝင် သည်ဟု သိရသည်။

အစိုးရ၏ ကမ်းလှမ်းချက်ကို UWSA အနေဖြင့် ချက်ခြင်းတုံ့ပြန်ခြင်းမရှိဘဲ အဖွဲ့အတွင်း ပြန်လည်ဆွေးနွေးပြီးမှသာ အကြောင်း ပြန်မည်ဟု သိရှိရသည်။

ပြီးခဲ့သည့် မေလအတွင်းက သမ္မတဦးသိန်းစိန်၏ တရုတ်ပြည်ခရီးစဉ်တွင် တရုတ်သမ္မတ ဟူကျင်းတောင်က မြန်မာအစိုးရ အနေ ဖြင့် တိုင်းရင်းသားပြဿနာကို ပြေလည်အောင်ဖြေရှင်းရန်၊ အထူးသဖြင့် UWSA နှင့် မိုင်းလားအခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) အဖွဲ့တို့အပေါ်တွင် သိမ်မွေ့စွာ ကိုင်တွင်ဖြေရှင်းရန် ပြောဆိုခဲ့သည်။

ဦးအောင်သောင်း၊ ဦးသိန်းဇော်တို့နှင့် UWSA အဖွဲ့တို့ တွေ့ဆုံမှု မတိုင်ခင် သြဂုတ်လအတွင်းက UWSA အဖွဲ့နှင့် မိုင်းလားအဖွဲ့တို့ တရုတ်အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သေးကြောင်း သိရသည်။

အလားတူ ယမန်နေ့ကလည်း ကျိုင်းတုံမြို့၌ ဦးအောင်သောင်း၊ ဦးသိန်းဇော်တို့နှင့် NDAA အထူးဒေသ (၄) အဖွဲ့တို့ ဆွေးနွေး ခဲ့ကြောင်း၊ NDAA အဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်း၏သား ဦးထိန်လင်းက ဦးဆောင်ဆွေးနွေးကြောင်း သိရှိရသည်။

သမ္မတ ဦးသိန်းစိန် အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်လိုလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများနှင့်သာ ဆက်သွယ်ရန် ပြောဆိုခဲ့သည်။

ထိုသို့ အာဏာရ ကြံ့ဖွံ့ပါတီခေါင်းဆောင် နှစ်ဦးက ငြိမ်းချမ်ေးရးဟုဆိုကာ ဆွေးနွေးနေသော်လည်း ယခုကျင်းပနေသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ငြိမ်းချမ်းရေးယူထားသည့် လက်နက်ကိုင်အဖွဲ့များက နယ် မြေတိုးချဲ့ခြင်း၊ အင်အားတိုးချဲ့ခြင်း၊ ဆက်ကြေး ကောက်ခံခြင်း၊ ဆန့်ကျင်စည်းရုံးလှုပ်ရှားမှုများ အရှိန်မြှင့်ကာ မရိုးသားသော ကျူးလွန်ဖောက်ဖျက်မှုများ ပြုလုပ်ခြင်းတို့ကြောင့် ဆွေးနွေးပွဲ အကြိမ်ကြိမ်ပျက်ပြားခဲ့ရသည်ဟု ပုတ်ခတ်ပြောဆိုခဲ့သည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့