Thursday, September 8, 2011

နှစ် ၃၀ ကျော်က ပြဌာန်းခဲ့သည့် အမြတ်ခွန်ဥပဒေ ဖျက်သိမ်းပြီ

ခင်ဦးသာ
07 September 2011

လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်က ပြဌာန်းခဲ့သော အမြတ်ခွန် ဥပဒေကို လက်ရှိကျင်းပနေသော လွှတ်တော် စည်းအဝေးများ တွင် ဖျက်သိမ်းလိုက်ပြီး အခွန်ဆိုင်ရာ ဥပဒေတချို့ ကို ပြင်ဆင်ရန် အတည်ပြုပေးလိုက်သည်။

စက်တင်ဘာလ ၅ ရက်နေ့က ကျင်းပသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီး ဦးလှထွန်းက အမြတ်ခွန်ဥပဒေ ဖျက်သိမ်းရေး၊ တံဆိပ်ခေါင်း အက်ဥပဒေ ပြင်ဆင်ရေး၊ ကုန်သွယ်ခွန်ဥပဒေ ပြင်ဆင်ရေး၊ ၀င်ငွေ ခွန်ဥပဒေ ပြင်ဆင်ရေး၊ ရုံးခွန်အက်ဥပဒေ ပြင်ဆင်ရေး စသည်ဖြင့် အခွန်ဆိုင်ရာ ဥပဒေ ၅ ခု အဆိုပြုရာ ကန့်ကွက်သူ မရှိ၍ လွှတ်တော်မှ အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။


ကျင်းပနေသော လွှတ်တော်အစည်းအဝေးများ၌ ဒီမို ကရက်တစ် အင်အားစုများက တင်သွင်းခဲ့သော အဆိုများ၊ ဥပဒေတချို့ ပြင်ဆင်ရေး အဆိုများ ပယ်ချခံခဲ့ရ သော်လည်း ၀န်ကြီး ဦးလှထွန်း၏ အခွန်ဥပဒေဆိုင်ရာ အဆိုများသည် ပထမဆုံး အတည်ပြု ခံရခြင်းဖြစ်သည်။

ထိုဥပဒေများသည် အင်္ဂလိပ်အစိုးရလက်ထက်၊ ဆိုရှယ်လစ် စီးပွားရေး ခေတ်ကာလများက ရေးဆွဲပြဌာန်းထားသည့် ဥပဒေ များဟု သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ရေးဆွဲထားသည့် အခွန်ဆိုင်ရာ ဥပဒေများ၌ စည်းကျပ်ကောက်ခံမည့် အခွန်ဥပဒေများ စာရင်း တွင် အမြတ်ခွန်ဥပဒေမပါရှိ၍ ဖျက်သိမ်းလိုက်ခြင်းသာ ဖြစ်ကြောင်း၊ လက်ရှိ ဖျက်သိမ်း၊ ပြင်ဆင်မည့် အခွန်ဆိုင်ရာ ဥပဒေများ သည် အများပြည်သူ အကျိုးစီးပွားအတွက် သိသာစွာ ပြောင်းလဲမှု မရှိကြောင်း ဥပဒေ ကျွမ်းကျင်သူ တချို့က ဆိုသည်။

“အမြတ်ခွန် ဥပဒေက ဖျက်သိမ်းသင့်တာ ကြာပါပြီ။ ဆိုရှယ်လစ်စီးပွားရေးကို ကာကွယ်ဖို့အတွက် ၁၉၇၆ ခုနှစ်ကတည်းက ပြဌာန်းခဲ့တဲ့ ဥပဒေပါ။ ဒီဥပဒေက ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေ ခေါင်းထောင်မလာအောင် လုပ်ထားတာပါ” ဟု အခွန်နှင့် ပတ်သက်သည့် ဆောင်းပါးများ ရေးသားနေသည့် စာရေးဆရာ ဦးဟန်ထွန်း (အခွန်) က ဧရာဝတီကို ပြောသည်။

အမြတ်ခွန်ဥပဒေကို ဖျက်သိမ်း၍ ၀င်ငွေခွန်ကို စနစ်တကျ ကျင့်သုံးကာ အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များအား စနစ်တကျ လုပ်ဆောင်သွားမည်ဆိုပါက ရေရှည်တွင် အကျိုးရှိမည်ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

ယခင်ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေးများ၌ အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်နှင့် ပတ်သက်၍ စနစ်တကျ ဆောင်ရွက် ရန် ဆွေးနွေးခဲ့သော်လည်း အစိုးရထိပ်ပိုင်း ခေါင်းဆောင်များနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်တချို့၏ကန့်ကွက်မှု ကြောင့် ၎င်းကိစ္စကို ဆက်လက်ဆွေးနွေးခြင်း မပြုတော့ဘဲ ရပ်တန့်သွားသည်ဟု သိရကြောင်း စီးပွားရေး သမားတဦးက ဆိုသည်။

အမြတ်ခွန် ဥပဒေဖျက်သိမ်းခြင်းကို စီးပွားရေး လုပ်ငန်းရှင်တချို့က ကြိုဆိုပြီး အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့် ကိစ္စများကို လည်း ဘက်လိုက်မှု မရှိဘဲ တပြေးညီဆောင်ရွက်ရန် အရေးကြီးသည်ဟု သူက ဆက်ပြောသည်။

“နိုင်ငံတော်အခွန်အတွက် အများဆုံးရမယ့် ကုမ္ပဏီကြီးတွေက အခွန်တိမ်းရှောင်နေမှုတွေ ရှိနေတုန်းပါ။ ဒီတော့ တခြား အလယ် အလတ်တန်းစားလောက် စီးပွားရေး လုပ်ငန်းရှင်တွေအတွက် ၀န်ထုပ်၊ ၀န်ပိုးတွေ ဖြစ်တာပေါ့” ဟု ၎င်းက ဆိုသည်။

အစိုးရ၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်သည့် လုပ်ငန်းရှင်းများ၏ ကုမ္ပဏီများ၊ အစိုးရထိပ်ပိုင်းခေါင်းများ၏ မိသားစုဝင်များ ရှယ်ယာပါဝင်ထားသော လုပ်ငန်းအများစုတို့သည် အခွန်တိမ်းရှောင်မှု လုပ်ဆောင်နေဆဲဟု သူက ပြောသည်။

အစိုးရအနေဖြင့် ဈေးကွက်စီးပွားရေး စနစ်ကိုကျင့်သုံးမည်ဆိုပါက အခွန်စနစ်ကို တပြေးညီဖြစ်စေရန် ဆောင်ရွက်မှုသည် အရေး ပါကြောင်း၊ လူတစု ကောင်းစားရေးထက် နိုင်ငံတော်နှင့်ပြည်သူအားလုံး၏ အကျိုးကို အလေးထားရန် အရေးကြီးကြောင်း ဦးဟန် ထွန်းက ရှင်းပြသည်။

ယခု ဖျက်သိမ်း၊ ပြင်ဆင်ရန် အတည်ပြုလိုက်သော ဥပဒေများကို လွှတ်တော်ဥပဒေကြမ်း ကော်မတီက အသစ်ပြင်ဆင်မည့် ဥပဒေများဖြင့် အစားထိုး ဆောင်ရွက်သွားမည် ဖြစ်သည်။

အာဏာရ ပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ကိုယ်စားလှယ်များနှင့် စစ်တပ် ကိုယ်စား လှယ်များ ကြီးစိုးထားသော လွှတ်တော်၌ ဒီမိုကရက်တစ် အင်အားစု ကိုယ်စားလှယ်များဘက်က တင်သွင်းသော အဆိုများအနက် အရေးပေါ် (၅) ည ဥပဒေ ဖျက်သိမ်းရေး ကိစ္စ၊ အကျဉ်းထောင် ဥပဒေပြင်ဆင်ရေး ကိစ္စ၊ တရားရုံးဆိုင်ရာ ဥပဒေ ပြင်ဆင်ရေး ကိစ္စ စသည့်အဆိုများ ပယ်ချခံခဲ့ရသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့