Thursday, September 8, 2011

တပတ်ရစ်ကားသွင်းခွင့် နယ်စပ်တွင်ပိတ်

08 September 2011

ဧရာဝတီတွင် ဖော်ပြခဲ့သည့် သတင်းတပုဒ်ကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ကရင်ပြည်နယ် မြ၀တီမြို့သို့ တပတ်ရစ်ကားများ နယ်စပ်ဖြတ် တင်သွင်းနေမှုကို မြန်မာအာဏာပိုင် တို့က ယခုလဆန်းပိုင်းမှစ၍ ပိတ်ပင်လိုက်ကြောင်း သိရသည်။

"ကားတွေ မြန်မာဘက် တရားမ၀င် ကုန်သွယ်တဲ့ကိစ္စမှာ မြန်မာအာဏာပိုင်တွေ၊ လူကြီးတွေ ပါဝင် ပတ်သက်တယ် ဆိုပြီး ဓာတ်ပုံ တွေနဲ့ သတင်း တင်လိုက်တာကို မြန်မာဘက်က မကျေနပ်လို့ ပိတ်လိုက်တာ" ဟု မဲဆောက်မြို့ သောင်ရင်းမြစ်ဘေးတွင် ကားအ ရောင်းဌာန ဖွင့်ထားသည့် ထိုင်းလုပ်ငန်းရှင်တဦးက ပြောသည်။

မြန်မာအာဏာပိုင်တို့က မဲဆောက်ရှိ ဌာနဆိုင်ရာတချို့နှင့် တပတ်ရစ်ကား ကုမ္ပဏီများကို ထိုသတင်းမိတ္တူ ပေးပို့ပြီး မကျေနပ် ကြောင်း အသိပေးခဲ့သည်ဟု ဆိုသည်။


"အတော်လေးကို စိတ်ဆိုးနေတယ်။ မြန်မာဘက်က ကန့်ကွက်တာက ဧရာဝတီသတင်းကို ပရင့် ထုတ်ပြီးတော့ကို ပေးတာ။ ဒီတချီ မြန်မာဘက်က ပိတ်တာ ကြာနိုင်တယ်။ ကုန်သည် အတော်များများက ကားဝယ်ထားပြီး မြန်မာဘက် သယ်လို့ မရဘူး" ဟု ကားတင်သွင်းသည့် လုပ်ငန်းရှင်တဦးက ပြောသည်။

ကား စီးဆင်းမှု ရပ်သွားသည့်အတွက် သောင်ရင်းမြစ်ဘေး ကားအရောင်းဌာနများတွင် ဂျပန် တပတ်ရစ်ကား စီးရေ တထောင် ကျော် သောင်တင်နေသည်ဟု သူက ပြောသည်။

သောင်ရင်းမြစ်ဘေး ထိုင်းဘက်ခြမ်းရှိ လှေဆိပ်များတွင် တပတ်ရစ်ကားမျိုးစုံကို တရားဝင် ရောင်းချနေသည့် ထိုင်းကုမ္ပဏီ ၄၀ ကျော် ရှိသည်ဟု ကားအရောင်းဌာန ၀န်ထမ်းတဦးက ပြောသည်။

"ထိုင်းဘက်က တရားဝင် ရောင်းတာပါ။ မြန်မာဘက်ကို ရောက်မှပဲ တရားမ၀င် ဖြစ်တာပါ။ ထိုင်းဘက်မှာ ကားစီးရေ ထောင်ချီ ရှိတဲ့အတွက် ကားမထွက်ရင် ကျနော်တို့ဘက်ကလည်း နစ်နာဆုံးမှုတွေ ရှိပါတယ်။ လုပ်ငန်း လုပ်ပိုင်ခွင့် တရားဝင် အခွန် အ ကောက်တွေ ပေးရသလို ဒီလက စပြီး နောက်တိုးအခွန်အဖြစ် ကားတစီးကို တရက် ဘတ် တထောင်နှုံးနဲ့ အကောက်ခွန်ဌာနကို ပေးရမှာ" ဟု ၎င်းက ရှင်းပြသည်။

"ကြာကြာပိတ်လေ နှစ်ဘက် ကုန်သည်တွေ နစ်နာလေပဲ" ဟု ၎င်းက ဆိုသည်။

ယခင်က မြ၀တီသို့ ကားတင်ပို့မှုမှာ တရက်လျှင် အစီး ၂၀၀ ၀န်းကျင် ရှိသည်ဟု မဲဆောက်မြို့ အကောက်ခွန်ဌာန အရာရှိ တဦးက ဧရာဝတီကို ပြောသည်။

မြ၀တီသို့ ရောက်လာသည့် တပတ်ရစ်ကားများကို မြန်မာနိုင်ငံတွင် အသုံးပြုသကဲ့သို့ တခြားသော အိမ်နီးခြင်း နိုင်ငံတချို့ကို တင်ပို့ရောင်းချကြသည်ဟု မြန်မာပြည်သား ကားကုန်သည်များက ပြောသည်။

ဆက်စပ်သတင်း
တရားမဝင်ကားလုပ်ငန်း ထိပ်တန်းအာဏာပိုင်များ ပတ်သက်နေ

Ref: ဧရာဝတီ

0 comments:

အပေါ်သို့