Thursday, September 8, 2011

KIO ကို ဦးကျော်ဆန်း ပြစ်တင်ဝေဖန်

ခင်ဦးသာ
07 September 2011

ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မအောင်မြင်ရခြင်းသည် KIO ၏ တဖက်သတ် တောင်းဆိုမှုများ ကြောင့် ဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက အင်္ဂါနေ့တွင် ပြောဆိုလိုက်သည်။

“လိုက်လျောနိုင်သမျှ လိုက်လျောခဲ့သော်လည်း တစ်ဖက်က မိမိဖြစ်ချင်သည်ကိုသာ တောင်းဆိုနေသည့် အတွက် အခက်အခဲ ဖြစ်ပြီး ယနေ့အထိ မအောင်မြင်သေး” ဟူသော အစိုးရအဖွဲ့ ကိုယ်စား ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်း ဆောင် ဦးကျော်ဆန်း၏ ပြည်သူ့လွှတ်တော် အစည်းအဝေးအတွင်း ပြောဆိုချက်ကို ယနေ့ထုတ် အစိုးရ သတင်းစာများ က ရေး သားထားသည်။


ငြိမ်းချမ်းရေးယူထားသည့် လက်နက်ကိုင်အဖွဲ့များက နယ် မြေတိုးချဲ့ခြင်း၊ အင်အား တိုးချဲ့ခြင်း၊ ဆက်ကြေး ကောက် ခံခြင်း၊ ဆန့်ကျင်စည်းရုံးလှုပ်ရှားမှုများ အရှိန်မြှင့်ကာ မရိုး သားသော ကျူးလွန် ဖောက်ဖျက်မှုများ ပြုလုပ် ခြင်းတို့ကြောင့် ဆွေးနွေးပွဲ အကြိမ်ကြိမ်ပျက်ပြားခဲ့ရသည် ဟုလည်း ဦးကျော်ဆန်းက ဆိုသည်။

ကျင်းပနေသော လွှတ်တော်အစည်းအဝေးတွင် ကွန်ဟိန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်း ၀ါနုက အစိုးရ၏ တိုင်းရင်းသား သွေးစည်း ညီ ညွတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး အခြေအနေများ နှင့်ပတ်သက်၍ မေးမြန်းစဉ် ဦးကျော်ဆန်းက အထက်ပါအတိုင်း ဖြေဆိုလိုက်ခြင်း ဖြစ်သည်။

အစိုးရ၏ပြောဆိုမှုနှင့်ပတ်သက်၍ KIO တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က “အစွမ်းကုန် လိုက်လျောပေးတယ် ဆို တာက ဘာကိုပြောတာလဲ ဆိုတာ သေချာ မသိဘူး၊ အဲဒီလိုပြောမယ် ဆိုရင် အချက်အလက်တွေကို အစိုးရအနေနဲ့ တိတိ ကျကျ ဖော်ပြပြီးတော့မှ ပြောစေချင်တယ်” ဟု တုံ့ပြန်လိုက်သည်။

“ကျနော်တို့ KIO က မရိုးသားတဲ့ လုပ်ရပ်ကို ဘာတခုမှ မလုပ်ပါဘူး၊ ဇွန်လမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲအပြီးမှာ ကျနော်တို့ လိုချင်နေတဲ့ ထာဝရငြိမ်းချမ်းရေး၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆွေးနွေးရေး၊ နိုင်ငံရေးအရ ဆွေးနွေးရေး ဆိုတာကိုပဲ တစိုက်မတ်မတ် တောင်း ဆိုနေတာပဲ ရှိတယ်” ဟု ဦးလနန်က ဧရာဝတီကို ပြောသည်။ KIO က ၁၉၄၇ ပင်လုံ ဥပဒေကို အခြေခံပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုပေါင်း၍ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဖွဲ့စည်းခဲ့သော တိုင်းရင်းသားလူမျိုးများကောင်စီ-UNFC အနေနှင့် ဆွေးနွေးရန် တောင်းဆိုနေသည်။ အစိုးရကလည်း ၂၀၀၈ အခြေခံ ဥပဒေ အတိုင်း ဆွေးနွေးရန် ပြောဆိုနေပြီး ဆွေးနွေးပွဲများ လက်တွေ့ ဖြစ်ပေါ်လာခြင်း မရှိသေးပေ။

“ယာယီ အပစ်အခတ် ရပ်ဆိုင်းတာကို လက်နက်ကိုင်အဖွဲ့တွေ အားလုံးက မူအားဖြင့် လက်ခံပါတယ်၊ ဒါပေမယ့် အဲဒါပြီးရင် ထာဝရ ငြိမ်းချမ်းရေးအတွက် ဘယ်လို ဆောင်ရွက်သွားမယ် ဆိုတာကို ရှင်းရှင်း လင်းလင်း မသိရ သရွေ့ ဆွေးနွေးပွဲ ဖြစ်လာ နိုင်စရာ မရှိဘူး” ဟု ဦးလနန်က ပြောသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့