Wednesday, September 7, 2011

အစိုးရသတင်းစာ လုပ်ကြံရေးဟု KIO တုံ့ပြန်

ဖနိဒါ
စက်တင်ဘာလ ၀၆ ရက် ၂၀၁၁ ခုနှစ်

ကချင်လွတ်မြောက်ရေး အဖွဲ့ KIO အဖွဲ့ ထိပ်တန်းခေါင်းဆောင်များ၏ လိုင်ဇာမြို့ ဌာနချုပ် အစည်းအဝေးအတွင်း အချင်းများ ရန်ဖြစ်ရာက ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု အစိုးရအာဘော် သတင်းစာက ရေးသားထားခြင်းမှာ လုပ်ကြံ ပြောဆိုခြင်းသာ ဖြစ် ကြောင်း KIO ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

“ကေအိုင်အို အတွင်းမှာ အချင်းချင်း သဘောကွဲလွဲအောင်၊ သံသယ ရှိလာအောင် လုပ်တာပဲ။ နောက်တခြား အဖွဲ့အစည်းတွေက ကျနော်တို့ ကေအိုင်အိုအပေါ်မှာ ယုံကြည်ချက် ပျက်သွားအောင်၊ ပြည်သူလူထုကနေလည်း ကေအိုင်အိုကို ယုံကြည်မှု မရှိအောင် လုပ်တာပဲ ဖြစ်တယ်”ဟု ဂွမ်မော်က မဇ္စျိမကို ပြောသည်။

ကြာသပတေးနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ယခုလ ၁ ရက်နေ့က လိုင်ဇာမြို့တွင် ကျင်းပသော အစည်းအဝေးတွင် ငြိမ်းချမ်းရေး လိုလားသော KIO၏ တပ် KIAမှ စစ်မှုထမ်းဟောင်းများနှင့် စစ်လိုလားသူ ခေါင်းဆောင်များအကြား ပဋိပက္ခ ဖြစ်ပွား ပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှ တဦးသေဆုံးကာ ခေါင်းဆောင် တဦးဒဏ်ရခဲ့သည်ဟု ဖော်ပြထားမှုကို ငြင်းဆို လိုက်ခြင်း ဖြစ်သည်။

စက်တင်ဘာ ၂ ရက်နေ့မှ စတင်ကာ မြစ်ကြီးနားမြို့၊ ဗန်မော်၊ ဖားကန့်မြို့ နေရာအနှံ့တွင် အဓိက ကချင်အဖွဲ့ကြီး အတွင်း ပစ်ခတ်မှု ဖြစ်ပွားသည်ဆိုသော လုပ်ကြံရေးသားထားသော စာများကို အစိုးရက လိုက်လံ ကပ်လျက် ရှိသည်ဟု ဒေသခံများက ပြောသည်။

“ကျနော်က လုပ်ကြံခံရတာ မြစ်ကြီးနားကို ပို့လာပါ။ ကျနော်တို့ အကုန် တာဝန်ယူမယ်၊ ဆေးကုသ ပေးမယ်ဆိုပြီး ဖုန်းဆက်လာ တယ်။ မသိချင်ယောင်ဆောင်ပြီးတော့ ပြောနေတာ၊ မဟုတ်မှန်း သိလျက်နဲ့ ဒီနေ့ သတင်းမှာ ထည့်လိုက်တယ်”ဟု ဂွမ်မော်က ကချင်ပြည်နယ် နယ်စပ် လုံခြုံရေးဝန်ကြီး ဦးသန်းအောင်၏ ကိုယ်ရေးအရာရှိကိုညွှန်းဆို ပြောသည်။

အစိုးရ သတင်းစာတွင် စက်တင်ဘာလ ၁ ရက်နေ့ မွန်လွဲ ၁ နာရီခွဲခန့်၌ ကေအိုင်အိုအဖွဲ့ ဗဟိုလိုင်ဇာမြို့တွင် အစည်းအဝေး ပြုလုပ်၍ ကချင်ပြည်နယ်အတွင်း တပ်မတော် စစ်ကြောင်းများကို ပြောက်ကျားနည်းဖြင့် တိုးမြှင့် တိုက်ခိုက်နိုင်ရန် ညှိနှိုင်းခဲ့ သည်ဟု ဖော်ပြထားသည်။

သို့သော် အဆိုပါနေ့ရက် အချိန်က KIO ဌာနချုပ်တွင် အစည်းအဝေး ကျင်းပခြင်း မရှိကြောင်း ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

KIO အကြောင်းနှင့် ဂွမ်မော်၏ ကချင်ဘာသာဖြင့် ပြောထားသော မိန့်ခွန်းပါ ဗီစီဒီခွေများကို သြဂုတ်လ ၂၈ ရက် နေ့က ကချင် လူထုအတွင်း ဖြန့်ဝေမှုပြုခဲ့ခြင်းကြောင့် အစိုးရက လက်တုံ့ပြန်ခြင်းဖြစ်မည်ဟု စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူချက် မရဘဲ ဖြစ်နေသော ကချင်ခေါင်းဆောင်များက ယူဆနေကြသည်။

“ဒီခွေကြောင့် မြန်မာအစိုးရက တော်တော် မျက်နှာပျက်နေရလို့ ဒီလို ကောလဟလသတင်း ဖြန့်လိုက်တာပဲ”ဟု KIO ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။

ဗီစီဒီခွေအတွင်း အပစ်အခတ် ရပ်ထားသော ၁၇ နှစ်ကာလအတွင်း နိုင်ငံရေး ဆွေးနွေးခွင့် မရရှိခဲ့ခြင်းနှင့်လက်ရှိ ငြိမ်းချမ်းရေး ယူရန် စစ်မှန်သည့် နိုင်ငံရေး ဆွေးနွေးမှုကို တိုင်းရင်းသား ၁၂ ဖွဲ့ပေါင်းစည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ ဦးဆောင်သွားရန်ဟူသည့် အချက်များ ပါဝင်သည်။

ယင်းသို့ ဖြစ်နေသည့် အခြေအနေများတွင် အစိုးရမှ ဖိအားပေးသည့် အနေဖြင့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်နှင့် ငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ် ဦးသန်းအောင်တို့မှ မြစ်ကြီးနား ဒေသခံများကို ငြိမ်းချမ်းရေး အတွက် KIO က အစိုးရနှင့် သဘောတူ လက်မှတ်ထိုးပါရန် တိုက်တွန်းမှုများ ရှိနေသည်။

နေပြည်တော်က KIO နှင့် အပစ်ခတ် ရပ်စဲရေး ဆွေးနွေးမှုကို ပြည်နယ်အစိုးရနှင့်သာ လွှဲအပ်ထားလိုပြီး တဖွဲ့ချင်းသာ သီးသန့် ဆွေးနွေးမှု လုပ်လိုနေရာ “သွေးခွဲမှု အုပ်ချုပ်မှု” ဟုဆိုကာ တိုင်းရင်းသား တပ်ပေါင်းစုက ငြင်းဆန်ထားသည်။

လက်ရှိ မြန်မာအစိုးရနှင့် KIO အကြား ဖြစ်ပွားနေသော တိုက်ပွဲကြောင့် မြစ်ကြီးနားတွင် စစ်ပြေးဒုက္ခသည် ခြောက်ထောင်ကျော်၊ ဝိုင်းမော်တွင် ရှစ်ထောင်ခန့်နှင့် လိုင်ဇာမြို့တွင် နှစ်သောင်းကျော် ရှိသည်ဟု KIO နှင့် ဒေသခံများက ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့