Thursday, September 8, 2011

ဒုက္ခသည်နေရပ်ပြန်ရေး ဒိန်းမတ်အဖွဲ့ နည်းလမ်းရှာ

07 September 2011

ထိုင်းမြန်မာနယ်စပ်ရှိဒုက္ခသည်တို့ ဌာနေပြန်နိုင်ရေး နည်းလမ်းများ ရှာဖွေရန် ဒိန်းမတ်နိုင်ငံ အခြေစိုက် နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့တခုက အင်္ဂါနေ့တွင် မယ်လဒုက္ခသည်စခန်းသို့ သွားရောက် လေ့လာခဲ့သည်။

“မြန်မာနိုင်ငံပြန်ပြီး နေထိုင်ကြဖို့ ဘယ်လို အစီအစဉ်တွေ ရှိလဲ၊ ဘယ်လိုအနေ အထားမျိုးနဲ့ ဘယ်အချိန်မျိုးမှာ ပြန်မှာလဲ၊ မပြန် ခင် ဘာတွေ စီစဉ်ထားတာတွေရှိလဲ ဆိုပြီး ကျနော်တို့ကို လာမေးပြီး စခန်းနဲ့ ဒုက္ခသည်တွေရဲ့အခြေအနေတွေကို လာရောက် လေ့လာတာဖြစ်တယ်” ဟု မယ်လဒုက္ခသည်စခန်း ကော်မတီ ဥက္ကဋ္ဌ စောထွန်းထွန်းက ပြောသည်။


မြန်မာနိုင်ငံတွင် စစ်မှန်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်ထွန်းမှသာ မြန်မာဒုက္ခသည်များ ဌာနေပြန်နိုင်မည်ဟု ဒုက္ခ သည်များကိုယ်စား ရှင်းပြခဲ့ကြောင်း စောထွန်းထွန်းက ဧရာဝတီကို ပြောသည်။

“လက်ရှိမြန်မာ့လွှတ်တော်မှာ ပြောနေသလို ဒုက္ခသည်တွေဟာ အကြမ်းဖက် သောင်းကျန်းသူတွေ မဟုတ်ဘူး၊ ကုလသမဂ္ဂက တရားဝင် အသိအမှတ်ပြုထားတဲ့ ဒုက္ခသည်တွေပါ၊ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး တကယ်လုပ်တဲ့ အချိန်ဟာ ဒုက္ခသည်တွေ အားလုံး အိမ်ပြန်တဲ့ အချိန်ပဲ” ဟု စခန်း ကော်မတီ ဥက္ကဋ္ဌ စောထွန်းထွန်းက ပြောသည်။

ဒုက္ခသည်တို့၏ အခြေအနေများ၊ သဘောထားများကို သိရှိနိုင်ရန် ကုလသမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့လည်း နယ်စပ် သို့ မကြာမီ လာရောက်မည်ဟု မဲဆောက်မြို့မှ ကုလသမဂ္ဂ အရာရှိတဦးက ပြောသည်။

မယ်လစခန်းသည် ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့၏ မြောက်ဘက် ကီလိုမီတာ ၆၀ အကွာအဝေးတွင် တည်ရှိပြီး ဒုက္ခသည် ၅ သောင်းခန့် နေထိုင်လျက်ရှိသည်။

ဒုက္ခသည်များသည် ၁၉၇၄ ခုနှစ် ဦးနေ၀င်းအစိုးရလက်ထက်တွင် ကရင်ပြည်နယ်အတွင်း ပြုလုပ်သည့် ဖြတ် ၄ ဖြတ် စစ်ဆင်ရေး၊ န၀တ-နအဖ စစ်အစိုးရလက်ထက် ကရင်ပြည်နယ်၊ ကယားပြည်နယ်ရှိ နယ်စပ်တလျှောက်တွင် ပြုလုပ်သည့် ထိုးစစ်ကြီးများ ကြောင့် ထိုင်းနယ်စပ်သို့ ထွက်ပြေးခဲ့ကြသူများဖြစ်သည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့