Thursday, September 8, 2011

ကြံ့ဖွံ့ခေါင်းဆောင်များ ၀တပ်ဖွဲ့နှင့် တွေ့

ဝေမိုး
08 September 2011

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီခေါင်းဆောင် ၂ ဦးသည် ရှမ်းပြည်နယ် ကျိုင်းတုံမြို့သို့ သွားရောက်ပြီး ၀ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် အင်္ဂါနေ့တွင် တွေ့ဆုံခဲ့သည်ဟု သိရသည်။

ဤတွေ့ဆုံမှုသည် တိုင်းရင်းသားသူပုန်အဖွဲ့များတွင် အင်အားအကြီးဆုံးဖြစ်သော UWSA နှင့် အစိုးရတို့ အကြား သမ္မတ ဦးသိန်း စိန် အစိုးရတက်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။

သမ္မတ၏ အထူးကိုယ်စားလှယ်များအဖြစ် ကျိုင်းတုံသို့ ရောက်သွားသူများမှာ ကြံ့ဖွံ့ပါတီခေါင်းဆောင် ဦးအောင်သောင်း၊ ဦးသိန်း ဇော်တို့ ဖြစ်ကြောင်း UWSA နှင့် နီးစပ်သော သတင်းရပ်ကွက်က ဆိုသည်။


UWSA ကိုယ်စားလှယ်အဖွဲ့တွင် ဘဏ္ဍာရေးနှင့် စီးပွားရေး တာဝန်ခံ ဦးပေါက်ယိုလျံ၊ ပြည်ပဆက်သွယ်ရေးတာဝန်ခံ ဦးကျောက် ဂုရမ်၊ ပြန်ကြားရေးအရာရှိ လီဆူးလျဲ့တို့ ပါဝင်သည်။ ဦးပေါက်ယိုလျံသည် ၀ တပ်ဖွဲ့ ခေါင်းဆောင် ဦးပေါက်ယူချန်း၏ ညီ ဖြစ် သည်။

ကျိုင်တုံမြို့ ဆွေးနွေးမှုနှင့် ပတ်သက်ပြီး နှစ်ဘက်စလုံးက ထုတ်ပြန်ခြင်း မရှိသေးပေ။

သို့သော်လည်း UWSA နှင့် နီးစပ်သူတို့၏ အဆိုအရ ဆွေးနွေးမှုများသည် မကြာသေးမီ ရက်များအတွင်း အစိုးရက ၀ တပ်ဖွဲ့၊ မိုင်းလားအဖွဲ့ခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) တို့ထံ ပေးပို့ခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကမ်းလှမ်း စာနှင့် ပတ်သက်ဖွယ်ရှိသည်ဟု ဆိုသည်။

ထိုကမ်းလှမ်းစာတွင် အစိုးရနှင့် တိုင်းရင်းသားသူပုန်အဖွဲ့တို့အကြား ငြိမ်းချမ်းရေးဖော်ဆောင်ရန် ဖော်ပြထားသည်ဟု ကြားသိရ ကြောင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးခွန်ဆိုင်းက ပြောသည်။

ထိုကမ်းလှမ်းစာတွင် "စိတ်ပျက်စရာ" အချက်များ ပါဝင်နေသဖြင့် နှစ်ဘက် ကွာဟချက် ပိုမို ကြီးမားစေမည်ဟု UWSA က ယူဆ ကြောင်း ၀ တပ်ဖွဲ့ ခေါင်းဆောင်တို့နှင့် နီးစပ်သူတဦးကို ကိုးကားပြီး သျှမ်းသံတော်ဆင့် သတင်းတပုဒ်တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ် အခြေစိုက် UWSA နှင့် NDAA အပါအ၀င် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား သူပုန်အဖွဲ့အများစုသည် နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရေး အစီအစဉ်ကို လက်မခံသဖြင့် အစိုးရနှင့် ဆက်ဆံရေးတင်းမာလျက်ရှိသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက နယ်ခြားစောင့်တပ် အစီအစဉ်သည် နိုင်ငံရေးဆွေးနွေးမှု အာမခံချက် မရှိဘဲ လက်နက်ချ ရမည့်အစီအစဉ်အဖြစ် ယူဆထားကြသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့