Wednesday, October 24, 2012

မြန်မာဝမ်ပေါင်၏ ပတ်ဝန်းကျင်အလုပ်ရုံဆွေးနွေးပွဲအား ကန့်ကွက်ဆန္ဒထုတ်ဖော်

မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)
23 Oct, 2012

မုံရွာမြို့နယ်လက်ပန်တောင်းတောင်ကြေးနီသတ္ထုတွင်းစီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ အလုပ် ရုံဆွေးနွေးပွဲတစ်ရပ်အား ဆားလင်းကြီးမြို့နယ် လက်ပန်တောင်းတောင် အစည်းအဝေးခန်းမ၌ မြန်မာ ၀မ်ပေါင်ကုမ္ပဏီက ပြုလုပ် ခဲ့သည်။

မြန်မာဝမ်ပေါင်ကုမ္ပဏီမှပြုလုပ်သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး လုပ်ဆောင်နေသော တောင်သူလယ်သမားများ နှင့် နိုင်ငံရေးသမားအများစုမှ ကန့်ကွက်ပြီး ယနေ့ နေ့လည်(၂း၀၀)တွင် ယင်းသတင်းစာရှင်းလင်းပွဲအား ကန့်ကွက် ဆန္ဒပြခဲ့ကြောင်း ဆန္ဒပြခေါင်းဆောင်အချို့ထံက သိရသည်။

“သူတို့သတင်းစာရှင်းလင်းပွဲမှန်မှန်ကန်ကန်လုပ်မယ်ဆိုရင် အားလုံးကို ဖိတ်ခေါ်သင့်ပါတယ်။ တကယ်ခံစားနေရတဲ့ တောင်သူ လယ် သမားတွေကို မဖိတ်ပဲနဲ့သူတို့သဘောနဲ့သူတို့ လုပ်ဆောင်တဲ့သတင်းစာရှင်းလင်းပွဲဖြစ်လို့ အားလုံးက ကန့်ကွက်ပါတယ်။”ဟု မြန်မာနိုင်ငံဝိဇ္ဇာ သိပ္ပံတက္ကသိုလ်ကျောင်းသားများ ကွန်ယက်မှဒုတာဝန်ခံ ကိုသော်ဇင်က ပြောသည်။

အဆိုပါကန့်ကွက်ဆန္ဒထုတ်ဖော်မှုအား လူမှုရေးအဖွဲ့အစည်း(၄)ဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

လက်ပန်တောင်းတောင်တွင် လုပ်ဆောင်နေသောကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ယခင်စံပယ်တောင်နှင့် ကြေးစဉ်တောင်များတွင် စီမံကိန်းများပြုလုပ်ခဲ့စဉ်က လုပ်ဆောင်ခဲ့သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု များအတိုင်းဆက် လက်လုပ်ဆောင်သွား မည်ဖြစ် ကြောင်း ၀မ်ပေါင်ကုမ္ပဏီမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး ဌာနမှူး ဦးကိုမြင့်က အလုပ်ရုံဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။

“အရင် စံပယ်တောင်နဲ့ကြေးစဉ်တောင်စီမံကိန်းအနီးတစ်ဝိုက်မှာရှိတဲ့ ကန်ကုန်းကျေးရွာမှာ(၁၁)လအတွင်း လူ(၂၅)ဦး သေ တယ်။(၉)ဦးက ကင်ဆာရောဂါနဲ့သေတယ်။ အက်စစ်အနံ့တွေကြောင့်ပဲ သူတို့ခံစားနေရ တယ်လို့ လေ့လာတဲ့ ပညာရှင်တွေက ပြောတယ်။ NLDက လွှတ်တော်အမတ်လာ စစ်တုန်းကလည်း သူကိုယ်တိုင် အက်စစ်အနံ့တွေ ရှူသွား ရတယ်။ လက်ပန်တောင်း တောင်ကို အရင်တောင်တွေလို ဆက်လုပ်မယ်ဆိုရင် ဒီလိုပဲ ဆက်ဖြစ်ဦးမှာပဲ။”ဟု ကိုသော်ဇင်က ဆက်ပြောသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့