Wednesday, October 24, 2012

ပြည်ထောင်စုလွှတ်တော်၌ ဘတ်ဂျက်ကိစ္စဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ်များကို စွမ်းရည်မြှင့်တင်နေ

ဝင့်သင်ဇာကျော် (မြစ်မခ)
24 Oct, 2012

နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတော်ဘတ်ဂျက်အား တွက်ချက် တင်ပြနိုင်ရန်အတွက် ဥပဒေပညာရှင်ဦးစိုးသိန်းမှ လွှတ်တော်သဘင်ခန်းမတွင် Budget Capacity building စွမ်းရည်မြှင့် တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ(၂၃)ရက်နေ့က စတင်ကျင်းပခဲ့သည်ဟု လွှတ်တော် ကိုယ်စားလှယ်အချို့ ကဆို သည်။

“လွှတ်တော်ကိုယ်စားလှယ်တွေ သိသင့်တဲ့ ဆွေးနွေးပွဲပါ။ လွှတ်တော်ကိုယ်စားလှယ်တွေ ဒီလကုန်ဆိုရင်ပဲ လွှတ်တော်ဘတ်ဂျက် ကို ဆွေးနွေးဖို့ လိုအပ်ရင်လည်း လိုအပ်လာလိမ့်မယ်။ အဲ့ဒီအတွက် အသုံးဝင်တယ်”ဟု ဒီချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးဖြိုးမင်းသိန်းက ပြောသည်။

လွှတ်တော်သဘင်ခန်းမတွင် ဘတ်ဂျက်အသုံးစရိတ်နှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များအား Capacity building ပေးရခြင်းသည် ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပမည့် လွှတ်တော်ဘားဂျက်ကို ဆွေးနွေးတင်ပြနိုင်ရန် အထောက်အကူပြုစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ အဖွဲ့ဝင် ဦးမန်းမောင်မောင်ဥာဏ်က ဆိုသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလ ၂၃ရက်နေ့မှ ၂၅ရက်နေ့ထိ ကျင်းပမည်ဖြစ်ပြီး ပထမနေ့တွင် လွှတ်တော် ကိုယ်စားလှယ်များမှ ဘတ်ဂျက်အသုံးစရိတ်ကို မည်သည့်နည်းလမ်းဖြင့် တွက်ချက်ရမည်နှင့်ပတ်သတ်၍ ရှင်းလင်းပြောကြား ပေးခဲ့ သည်ဟု ၄င်းကဆိုသည်။

“အဓိကက ဘားဂျက်အသုံးစရိတ်ပေါ့ အဲ့ဒါကို ဘယ်လိုနည်းလမ်းနဲ့တွက်ချက်ရမယ်၊ အသုံးစရိတ်ကို ဘယ်လို သိမ်းတယ်၊ တွက် တယ်ဆိုတာတွေကို ဘားဂျက်ဥပဒေပညာရှင်လို့ ပြောလို့ရတယ် ဦးစိုးသန်းက ရှင်းပြတယ်”ဟု ဦးဖြိုးမင်းသိန်းက ဆက်ပြောသည်။

ဘားဂျက်ဥပဒေပညာရှင် ဦးစိုးသိန်းမှ ရှင်းပြသည်များကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသာမက အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များလည်း တက်ရောက်နားထောင်ကြသည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

“လွှတ်တော် နှစ်ရပ်လုံးတက်ရတယ်။ ဘာတွေ ဆွေးနွေးလဲဆိုတော့ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ဘယ်လိုလုပ်ရမယ် ဆိုတာတွေ၊ GDPတွက်တတ်ဖို့ အဲ့ဒါတွေ ဘယ်လိုလုပ်ရတယ်ဆိုတာ ရှင်းပြတယ်”ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် က ပြောသည်။

ပြည်ထောင်စုလွှတ်တော်ဘားဂျက်အသုံးစရိတ်နှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးလိုသူ အမည် စာရင်းမကောက် သေးသော်လည်း အမျိုးသားလွှတ်တော်တွင် လာမည့်အောက်တိုဘာလ ၂၇ရက်နေ့နောက်ဆုံးထားကာ အမည်စာရင်းပေးရ မည် ဖြစ် သည်ဟု လွှတ်တော်ကိုယ်စားလှယ်များထံက သိရသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့