Saturday, July 9, 2011

နယူးယောက် ရခိုင် ရိုးရာသင်္ကြန်ပွဲတော် ဇူလိုင် ၁၇ ရက်နေ့တွင် ကျင်းပမည်

7/9/2011
မင်းဆက်ခိုင်

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် နှစ်စဉ်ကျင်းပနေသော ရခိုင်ရိုးရာ နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ယခုလ ၁၇ ရက်နေ့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ကျင်းပမည့် သင်္ကြန်ပွဲတော်မှာ ၁၇ ကြိမ်မြောက် ဖြစ်ပြီး နယူးယောက်မြို့ရှိ 100 West 84th Street, PS9 Playground between Columbus Avenue and Amsterdam Avenue, MANHATTAN တွင် ဒေသ စံတော်ချိန် နံနက် ၁၁ နာရီမှ စတင်ပြီး ညနေ ၄ နာရီထိ ကျင်းပ ပြုလုပ်မည်ဖြစ်သည်။


နယူးယောက်တွင် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ကျင်းပရခြင်းနှင့်ပတ်သက်ပြီး သင်္ကြန်ပွဲတော် ကျင်းပရေးအဖွဲ့မှ စီမံခန်ခွဲ
ွိဲရေး ဒါရိုက်တာ ကိုကျော်သာလှမှ ယခုကဲ့သို့နိရဉ္စရာသို့ပြောသည်။

"အဓိကကတော့ ရခိုင့်ယဉ်ကျေးမှုကို ကမ္ဘာက သိအောင်လုပ်တာရယ်။ ပြီးတော့ ဒီမှာ ဗမာပြည်ကလူတွေလည်း ရခိုင်ယဉ် ကျေးမှုကို သိပ်ပြီးတော့ မသိကြသေးတဲ့လူတွေလည်းရှိပါတယ်။ နောက် ဗမာပြည်က နေပြီးတော့ အကြောင်း အမျိုးမျိုး ကြောင့် နိုင်ငံခြားကိုရောက်သွားကြတဲ့သူတွေလည်း ရခိုင်ယဉ်ကျေးမှုကို မသိကြသေးတာရှိပါတယ်။ ဒီ နယူးယောက်မှာ ရောက်ရှိနေတဲ့ ဗမာအပါအဝင် တခြားတိုင်းရင်းသားတွေ၊ ရခိုင်လူမျိုးတွေရဲ့ဒီမှာ ကြီးပြင်းလာတဲ့ သားသမီးတွေရှိကြပါ တယ်။ သူတို့က ရခိုင် ရိုးရာသင်္ကြန်ကို မမြင်ဖူးကြဘူး။ ဒီတော့ အခုလိုပြုလုပ်ခြင်းအားဖြင့် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို သိရှိလာကြမယ်။ စိတ်ဝင် စား လာကြမယ်။ အခုလို နိုင်ငံခြားမှာ နေပြီးတော့ ကိုယ့်ယဉ်ကျေး မှုကို ဖော်ထုတ်ခွင့်ရတာ။ ရခိုင်ပြည်တခုတည်းမှာမဟုတ်ပဲနဲ့ရခိုင် လူမျိုးတွေ ရောက်ရှိနေတဲ့ နေရာတိုင်းမှာ ကိုယ့်ယဉ် ကျေးမှုကို ဖော်ထုတ်ပြသတဲ့ သဘောပါ။ သိပ်ဝမ်းသာဖို့ကောင်းပါတယ်။"

၎င်းအပြင် ယခုကဲ့သို့ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ကျင်းပခြင်းအားဖြင့် မိမိ လူမျိုးအတွက် အကျိုးရှိပုံကိုလည်း သူက ဂုဏ်ယူ ဖွယ်ရာ ပြောကြားသည်။

" ဟုတ်ပါတယ်။ အခုလိုပြုလုပ်တာဟာ ရခိုင်လူမျိုးတွက် အကျိုးရှိတယ်လို့ ခံယူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာမှာ ရခိုင်ကို အယင်ထက် ပိုပြီး သိလာတယ်။ ရခိုင့်ယဉ်ကျေးမှုကို ထိန်းသိမ်းရာလည်း ရောက်ပါတယ်။ ပြီးတော့ ဒီသင်္ကြန်ပွဲမှာ ရခိုင့် တူရိယာ တွေနဲ့တီးမှုတ်သီဆိုတာတို့၊ ရခိုင်ရိုးရာအကတွေနဲ့ဖျော်ဖြေတာ တို့ ပြုလုပ်တယ်ဆိုတော့ မြန်မာ နိုင်ငံသားတွေ အပါအဝင် နိုင်ငံ ခြားသားတွေလည်း သိရှိလာပါတယ်။ ပြီးတော့ နယူးယောက် ဆိုတာကလည်း ဂီတ အနုပညာထွန်းကြားတဲ့ မြို့တမြို့ပါ။ အဲဒီလို ဂီတအနုပညာထွန်းကားတဲ့မြို့မှာ အခုလို ဖော်ထုတ်ခြင်း အားဖြင့် ရခိုင့်တူရိယာတွေ၊ ရခိုင့်ရိုးရာအကတွေကို နိုင်ငံခြားသားတွေက သိရှိလာမယ် စိတ်ဝင်စားလာကြမှာ ဖြစ်ပါတယ်။"

အဆိုပါ နယူးယောက် ရခိုင် သင်္ကြန်ပွဲတွင် သက်ကြီးပူဇော်ပွဲ၊ ရခိုင်ရိုးရာ ရေလောင်းမဏ္ဍပ်(လှေဖြင့်) ရေကစားပွဲ၊ ရခိုင်ရိုးရာ အဆိုအက ဂီတပဒေသာ ကပွဲများ အပြင် ရခိုင့်အစားအစာနှင့် တခြားမြန်မာအစားများကိုလည်း ရောင်းချကာ စည်ကား သိုက်မြိုက် စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို စည်စည်ကားကား ဆင်နွဲရသည့်အတွက် ဝမ်းသာ ဂုဏ်ယူမိကြောင်း သူက ပြောသည်။

"ကျနော်က ရခိုင်အစစ်ဆိုပေမယ့် ရခိုင်ရိုးရာပွဲတွေကို ရခိုင်ပြည်မှာ မဆင်နွဲခဲ့ဖူးပါ။ အခြေနေအမျိုးမျိုးကြောင့်လည်း ရခိုင်ပြည်ကို မရောက်ဖူးခဲ့ပါဘူး။ ကျနော်က ငယ်ငယ်လေးကတည်း နိုင်ငံခြားမှာကြီးတာဆိုတော့။ ရန်ကုန်မှာ နည်းနည်း နေခဲ့တုန်းကတော့ မိဘဆွေမျိုးတွေက ရခိုင်အကြောင်း ကိုပြောပြတာတွေရှိပါတယ်။ အခုလည်း အခြေနေအမျိုးမျိုးကြောင့် ပြန်လို့မရတော့ဘူးဆိုတော့ ဒီလို သင်္ကြန်ပွဲကို ဒီမှာ ဆင်နွဲရတာကို ပျော်ရွင်ကျေနပ်မိပါတယ်။ ပြီးတော့ ရခိုင်ပြည်ကနေ ဒီမှာရောက်နေတဲ့ သူတွေကလည်း အခုလို ပွဲမျိုးမှာ ပါဝင်ဆင်နွဲရတာ ရခိုင်ပြည်ကို ရောက်သွားသလို ခံစားကြရတယ်လို့သူတို့ခံစားမူတွေကို ဖွင့်ဟ ပြောပြတာတွေကို ကြားရတဲ့ အတွက်လည်း ကျနော်လည်း အဲလိုပဲ ၀မ်းသာ ခံစားမိပါတယ်" ဟု ပြောသည်။

ယခုနှစ် ကျင်းပမည့် ၁၇ ကြိမ်မြောက် ရခိုင်သင်္ကြန်ပွဲတော်မှာလည်း ခါတိုင်းနှစ်များကဲ့သို့စည်ကားသော သင်္ကြန်ပွဲတော်ဖြစ်မည်ဟု သိရသည်။

Ref: Narinjara

0 comments:

အပေါ်သို့