Friday, July 8, 2011

သမဂ္ဂစိတ်ဓာတ်ဖြင့်သာ တိုင်းပြည် ပြန်လည်တည်ဆောက်နိုင်မည်

07 July 2011

ကျောင်းသားထု၏ အခွင့်အရေးများအတွက် တောင်းဆိုခြင်း၊ ကျောင်းသားထုကို ကာကွယ်စောင့် ရှောက်ခြင်း၊ ကျောင်းသား အရေးနှင့် နိုင်ငံအရေး ကိစ္စတို့တွင် ပါဝင်ဆောင်ရွက်ခွင့်တို့အတွက် ကျောင်းသားများသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့် ရရှိရန် လိုအပ် နေသည်။


၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် အာဏာရှင် ဗိုလ်ချုပ်နေ၀င်း၏ ကိုယ်ရံတော်တပ်မှ ဒုဗိုလ်မှူးကြီး စိန်လွင်ဦးဆောင်သော တပ်ဖွဲ့၏ ရက်ရက်စက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျောင်းသူ၊ ကျောင်းသား ၁၀၀ ကျော် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း အသက်ဆုံးရှုံးခဲ့ရသည်။

ဇူလိုင်လ ၈ ရက်နေ့တွင် သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦကို ဒိုင်းနမိုင်းဖြင့် ဖြိုခွဲခံခဲ့ရသည်။

ယင်းကာလမှစပြီး အစဉ်အဆက် ငြိမ်းချမ်းသော ကျောင်းသားလှုပ်ရှားမှုများမှာ မတရားသဖြင့် နှိမ်နှင်းခံခဲ့ရတော့သည်။ တဆက်တည်းပင် တရားဝင်ကျောင်းသား သမဂ္ဂ ဖွဲ့စည်းခွင့်ကို ဆုံးရှုံးခဲ့ရသည်မှာ ၄၉ နှစ် ကြာမြင့်ခဲ့ပြီဖြစ်သည့် ယနေ့အချိန် အထိပင်ဖြစ်သည်။

ဗကသအဖွဲ့ချုပ်၊ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ၊ မျိုးဆက်သစ် ကျောင်းသားများကို လည်း မတရားသဖြင့် ဖမ်းဆီး ချုပ်နှောင်ထားဆဲပင်ဖြစ်သည်။

ပညာရေးလွတ်လပ်ခွင့်များတွင် ကျောင်းသားထုကို အမှန်တကယ် ကိုယ်စားပြုမည့် ပညာရေးသမဂ္ဂများ ဖွဲ့စည်းရန် အပူ တပြင်းလိုအပ်နေပြီး လွတ်လပ်သော ကျောင်းသားသမဂ္ဂအနေဖြင့် ပညာရေးကဏ္ဍ မြှင့်တင်ရာတွင် အထင်ကရ ပါဝင် လုပ်ဆောင် နိုင်စွမ်းရှိနေပါသည်။

အဂတိတရားများဖြင့် ပျက်စီးနေပြီဖြစ်သည့် မြန်မာ့ပညာရေးကို ကျောင်းသားသမဂ္ဂများ၏ သစ်လွင်သော၊ ကိုယ်ကျိုးစွန့်လိုသော၊ အများအကျိုးကို ဦးစားပေးသော၊ ညီညွတ်မှုဖြင့် လုပ်ဆောင်တတ်သော သမဂ္ဂစိတ်ဓါတ်ကသာလျှင် ပြန်လည် ပြုပြင်နိုင်ပါ လိမ့် မည်။ သမဂ္ဂစိတ်ဓါတ်ဖြင့်သာ တိုင်းပြည်ပြန်လည် တည်ဆောက်နိုင်ပါမည်။

ကျောင်းသားလူငယ်များအတွက် မရှိမဖြစ်လိုအပ်နေသော လွတ်လပ်သည့် ကျောင်းသားသမဂ္ဂများကို ပညာရေး အဆင့်တိုင်းတွင် ဖွဲ့စည်းသင့်ကြောင်း နိုင်ငံတကာ ပညာရေးသမဂ္ဂများအဖွဲ့ချုပ် EI ၏ ကြေညာစာတမ်းတွင် ဖေါ်ပြပါရှိပါသည်။

Ref: မောက္ခ

0 comments:

အပေါ်သို့