Friday, July 8, 2011

လူမှုရေးကို ဂီတဖြင့် နာရေးကူညီမှုအသင်း ဆွဲဆောင်မည်

နရီလင်းလက်
08 July 2011

လူငယ်အများစု စိတ်ဝင်စားသည့် Hip Hop ဂီတဖြင့် လူမှုရေး လုပ်ငန်းများတွင် လူငယ်များ ပါဝင်လာစေရန် ရည်ရွယ်ကာ ဂီတ လူမှုရေး သူရဲကောင်းများ (၂) တေးစီးရီး အယ်လ်ဘမ်ကို ထွက်ရှိရန် ပြင်ဆင်နေသည်ဟု သိရသည်။


“ဒုတိယမြောက် အခွေအတွက် လောလောဆယ် အဆို တော်တွေဆီက သီချင်း ၁၀ ပုဒ် ရထားတာရှိတယ်။ အနဂ္ဂ ဆီက သီချင်း အသစ်တပုဒ် ထပ်ရဖို့ရှိသလို တခြားစိတ်ပါ ၀င်စားတဲ့ အဆိုတော်တွေဆီက ထပ်ရလာတာတွေနဲ့ ပေါင်းပြီး ဒီထဲကမှ အကောင်း ဆုံး သီချင်းတွေကို ရွေးပြီး ဒီဗီဒီ အခွေထုတ်မှာပေါ့။ အမြန်ဆုံးထွက်နိုင်ဖို့တော့ လုပ်နေ ပါတယ်” ဟု နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။

ဂီတ လူမှုရေး သူရဲကောင်းများ (၂) တွင် Hip Hop အဆိုတော်များဖြစ်သည့် အနဂ္ဂ၊ ဇေယျာသော်နှင့် Hip Hop လူငယ် အဆိုတော်သစ်များ ပါဝင်သီဆိုထားသည်။

အဆိုပါ တေးစီးရီများကို ပြင်ပတွင် တရားဝင်ဖြန့်ချိခွင့် မရသော်လည်း နာရေးကူညီမှုအသင်းသို့ လာရောက် လှူဒါန်းသူများအား သီချင်းခွေများ မေတ္တာလက်ဆောင် ပြန်လည် ဖြန့်ဝေပေးမည်ဟု သိရသည်။

ဦးကျော်သူက “ကန့်သတ်အနေနဲ့ ကျနော့်တို့ဆီကို လာလှူတဲ့ အလှူရှင်လောက်ကိုပဲ မေတ္တာလက်ဆောင် သဘောမျိုး ပေးလို့ ရတာပေါ့။ အပြင်မှာ ဖြန့်ရောင်းလို့မရတဲ့အပြင် ဒီအခွေတွေ စထုတ်တုန်းက သက်ဆိုင်ရာက တရားမ၀င်ဘူး၊ မထုတ်ရဘူးဆိုပြီး တားပေမယ့် ကျနော်တို့ဘက်ကလည်း တခြား လူမှုရေးအဖွဲ့အစည်းတွေ ကိုယ့်အဖွဲ့အစည်း လုပ်ဆောင်ချက်ကို စီဒီခွေထုတ်ပြီး ပေးတာရှိတယ်၊ ဆက်ထုတ်မယ်ဆိုပြီး လုပ်ဖြစ်တာ” ဟု ပြောသည်။

ဂီတ လူမှုရေး သူရဲကောင်းများ (၂) တွင် စောင်းကြိုးရှိုက်သံ ခေါင်းစဉ်ဖြင့် သီချင်းဖန်တီးသီဆိုပေးမည့် အဆိုတော် အနဂ္ဂက “အနု ပညာရှင်အချင်းချင်း တယောက်နဲ့တယောက် ကူညီတဲ့ သဘောမျိုးနဲ့ နာရေးကူညီမှုအသင်းက လာကမ်းလှမ်းတာကို မပယ် ဘဲ လက်ခံဆိုဖြစ်သွားတာပါ။ ဇာတ်လမ်းလေးတွေ ထည့်ရေးထားသလို ကျနော် ပြောချင်တဲ့ အကြောင်းအရာတွေ၊ အားပေး စကားတွေ ထည့်သွင်းပြီး မနေ့က စပြီးရေးနေတာ” ဟု ပြောသည်။

“ဒီလို လူမှုရေးလုပ်ငန်းမှာ ၀င်ကူညီလို့ဆိုပြီး ဖိအးပေးတာတွေ ရှိခဲ့ပေမယ့် ကျနော်တို့အနေနဲ့ ပြီးတာတွေ ပြီးပါစေဆိုပြီး သဘော ထားပါတယ်။ အားလုံးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရှေ့ဆက်ချင်သလို ဘယ်လို ကျရောက်လာမယ့် ဒုက္ခမဆို၊ ဖိအားကိုမဆို ငြိမ်ချမ်း စွာနဲ့ ဆက်လျှောက်သွားဖို့ စဉ်းစားထားတယ်” ဟု အနဂ္ဂက ဆိုသည်။

Hip Hop အဆိုတော်များဖြစ်သည့် အနဂ္ဂ၊ ဇေယျာသော်၊ ဂျေမီ၊ ဂျီတုံး၊ အာစီ၊ ဘိုလေး၊ သုတ၊ ပြည်သာ၊ ချမ်းအေးဝင်း စသည့် အဆိုတော်များပါဝင် MHHA (Myanmar Hip Hop Association) ကို ၂၀၀၃ ခုနှစ်တွင်ဖွဲ့စည်းခဲ့သည်။

ယမန်နှစ်က ထွက်ရှိခဲ့ပြီးသော ဂီတလူမှုရေး သူရဲကောင်းများ (၁) ၌ နောက်ဆုံးနေရာဟု အမည်ပေးထားသော သီချင်းကို MHHA မှ လူငယ်အဆိုတော်များ ပါဝင်ကူညီ သီဆိုခဲ့သည်။

အက်ဆစ်အဖွဲ့၏ “စတင်ခြင်း” သီချင်းခွေတွင် ဒြပ်မဲ့သွားခြင်း သီချင်းကို သီဆိုထားသူ ဇေယျာသော်ကလည်း အဆိုပါ သီချင်း အား ဗီစီဒီ ရိုက်ကူး၍ လှူဒါန်းထားသည်ဟု သိရသည်။

“ကျနော့်ကို သီချင်းသစ် တပုဒ်ပေးဖို့ တောင်းတာပါ။ ကျနော်က ကြာနေမှာ စိုးရိမ်တာရယ်၊ နောက်ကျမှာ စိုးတာရယ်ကြောင့် ကျနော်နဲ့ အနဂ္ဂ တွဲရေးထားပြီး ကျနော်ဆိုထားတဲ့ ဒြပ်မဲ့သွားခြင်း သီချင်းကို လှူလိုက်တာပါ” ဟု ဇေယျာသော်က ပြောသည်။

ကိုဇေယျာ်သော် က ဆက်၍ “မှန်တဲ့ အလုပ်ကောင်းတဲ့အလုပ် လုပ်တဲ့နေရာမှာ နောက်ပြန်လှည့်စရာ မလိုဘူးလို့ ထင်ပါတယ်။ ကိုယ်လုပ်သင့်လုပ်ထိုက်တယ် ထင်တဲ့အလုပ်၊ ပြည်သူကို အမှန်တကယ် အကျိုးရှိမယ့် ဘယ်အလုပ်မျိုးမဆို လုပ်မှာ” ဟု ပြော သည်။

ဂီတလူမှုရေး သူရဲကောင်းများ (၁) တွင် ပါဝင်သီဆိုခဲ့သည့် အဆိုတော် ဆောင်ဦးလှိုင်က ယင်းကဲ့သို့ လုပ်ငန်းများတွင် ပါဝင်မိ သောကြောင့် အနုပညာရှင်များသည် ဖျော်ဖြေရေး၊ အခွေထုတ်လုပ်ဖြန့်ချိရေးတွင် စိုးရိမ်စရာများရှိလာနိုင်သည် ဆိုသော်လည်း၊ လူမှုရေးကိုသာ လုပ်ကိုင်နေသည်ဟု သဘောထားလျှင် စိုးရိမ်စရာမရှိကြောင်း ပြောသည်။

“တခြားသူတွေပါဝင်ဖို့ တိုက်တွန်းတာထက် ကိုယ်က အင်တိုက်အားတိုက် လုပ်နေရင်းနဲ့ သူတို့များ လူမှုရေးလုပ်ချင်စိတ်လေးတွေ ဖြစ်လာမလားဆိုပြီး မျှော်လင့်တာပဲ လုပ်နေရတယ်။ ကျနော်တို့ဆီမှာ အတွေးအခေါ်တွေ၊ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့ တဦးနဲ့တဦး စဉ်းစားပုံ တွေးခေါ်ပုံချင်း ကွဲလွဲနေတာတွေ အများကြီး ရှိတယ်လေ။ ထင်သာမြင်သာတဲ့ လူမှုရေးပဲဖြစ်ဖြစ်၊ ဒီလို ကိစ္စတွေမှာ သိပ်မလုပ်ကြဘူး” ဟု ဆောင်းဦးလှိုင်က ပြောသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) သည် ရန်ကုန်တိုင်းအတွင်း နာရေးကူညီမှုလုပ်ငန်း၊ ဆေးခန်းဖွင့်လှစ်ထားခြင်း၊ ကျန်းမာရေး စရိတ် ထောက်ပံ့ပေးခြင်း၊ နွေရာသီ အင်္ဂလိပ်စာသင်တန်းနှင့် သရုပ်ဆောင်သင်တန်းပေးခြင်း၊ သဘာဝကပ်ဘေးများ ကြုံလာ သည့်အခါ သွားရောက်လှုဒါန်းခြင်းများ ကျယ်ပြန့်စွာ လုပ်ဆောင်ပေးနေသော လူမှုရေး အသင်းတသင်း ဖြစ်သည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့