Thursday, July 7, 2011

တရုတ်ပညာရေးကြောင့် စိတ်အင်အား ရရှိခဲ့ဟု ဘန်ကီမွန်းပြောကြား

07 July 2011

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ရုပ်ပိုင်း၊ ကိုယ်ကာယ အင်အားထက် စိတ်ပိုင်း အတွင်းအင်အားက ပိုပြီးတော့ အရေးကြီးတယ်လို့ ပြောကြားလိုက်ပါတယ်။

သူ့အနေနဲ့တော့ စိတ်သတ္တိ အင်အား ရရှိဖို့အတွက် ရှေးဟောင်း တရုတ်ပညာရေးထဲက ပညာရှင် ကွန်ဖြူးရှပ်တို့လို ဆရာသခင် များရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာခဲ့တယ်လို့လည်း ပြောပြခဲ့ပါတယ်။


“ကျနော်က ကိုရီးယားမှာ နေပြီးတော့ တရုတ် ဂန္ထ၀င် ဆရာသခင်များ ဖြစ်တော်မူကြတဲ့ ကောင်းဇီ (ကွန်ဖြူးရှပ်)၊ လောင်ဇီ၊ မန်ဇီ (မန်စီယပ်) နဲ့ ဆွန်ဇီတို့ အကြောင်းကို လေ့လာခဲ့ပါတယ်။ ဒီရှေးဟောင်း ဂန္ထ၀င် အသိဥာဏ် အလင်းများဟာ ကျနော့်ရဲ့ အတွင်း စိတ်အင်အား ရရှိစေဖို့အတွက် အင်မတန်မှကို အရေးကြီးလှပါတယ်။” အသက် ၆၇ အရွယ် ဘန်က ရှင်းပြခဲ့တာပါ။

“ကွန်ဖြူးရှပ်နဲ့ လောင်ဇီတို့ရဲ့ ဂန္ထ၀င်ထဲက သင်ကြားမှု အများကြီးကို ကျနော် လေ့လာပြီးပါပြီ။ ဒါကြောင့် လောင်ဇီရဲ့ မိန့်မှာ ချက်ကို ကျနော့်ရဲ့ ကုလသမဂ္ဂ ရာထူး ဒုတိယအကြိမ်သက်တမ်း လက်ခံရယူတဲ့ မိန့်ခွန်းထဲမှာ ကိုးကားခဲ့တာဖြစ်တယ်။” ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးဟောင်းက ပြန်ပြောပြခဲ့ပါတယ်။

အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးကို ဒုတိယ အကြိမ်မြောက် လက်ခံရယူအပြီး အထွေထွေ ညီလာခံကြီးကို မိန့်ခွန်း ပြောကြားရာမှာ ဘန်ဟာ ဘီစီ ၆ ရာစုနှစ်က တရုတ်တွေးခေါ် ပညာရှင် လောင်ဇီကို အခုလို ကိုးကားပြီး ပြောပြခဲ့ပါတယ်။ “နတ်ပြည်နဲ့ နိဗ္ဗာန်ဘုံကို သွားရာလမ်းသည်ကား အခြားသူများ၏ အကျိုးအလို့ငှါ ကူညီ စောင့်ရှောက် ပေးခြင်းပင်တည်း၊ နာကျင်စေမှုကား မဟုတ်ချေ။ မြင့်မြတ်တော် မူပေထသော သူတော်စင်တို့၏ ကျင့်ကြံမှု နည်းလမ်းမှာကား လိုက်လျောညီထွေ ပြုမူဆောင်ရွက်ခြင်းမျှသာတည်း။ ယှဉ်ပြိုင် အနိုင်ယူခြင်းကား မဟုတ်ချေ။”

ယှဉ်ပြိုင် အနိုင်ရယူမယ့်အစား စုပေါင်းညီညာ လုပ်ဆောင်မှုနဲ့ ဟန်ချက်ညီ၊ မျှတတဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကို လုပ်သင့်ကြောင်း ဘန်က တိုက်တွန်းခဲ့တယ်။

“ဌာနများနဲ့ အေဂျင်စီများအကြားမှာ နံရံအမြင့်ကြီးတွေ ရှိနေပါတယ်။ ဒီနံရံများကို ဖြိုဖျက်ချခြင်းဟာ ယှဉ်ပြိုင် အနိုင် ရယူဖို့ အတွက် မဟုတ်ပါဘူး။” သူက ပြောခဲ့တယ်။

“ခင်ဗျားတို့က ယှဉ်ပြိုင် အနိုင်ယူချင်တယ် ဆိုရင်တော့ သေးငယ်တဲ့ အစိတ်စိတ်အပိုင်းပိုင်း ပိုင်းခြားတာကို ခံရပါလိမ့်မယ်။ ဒါပေမယ်လို့ ညီညာဖျဖျ လုပ်ဆောင်ကြရင် အင်မတန်မှကို ကြီးမားလှတဲ့ စွမ်းအားရလာကြပါလိမ့်မယ်။ ဒါကတော့ ကျနော့်ရဲ့ ယုံကြည်မှုနဲ့ ဒဿနအမြင်ပါ။”

ကမ္ဘာ့ထိပ်တန်း သံတမန်ကြီးအနေနဲ့ အင်မတန်မှကို ကြီးလေးလှပြီး ၂၄ နာရီလုံးလုံး သူနဲ့ သူအလုပ်အဖွဲ့ဟာ အရေးကြီးလှတဲ့ အလုပ်ကို လုပ်ကြရပါတယ်။

ကိုလံဘီယာတက္ကသိုလ်က ကမ္ဘာကျော် စီးပွားရေး ပညာရှင် ဂျက်ဖရီဆာ့ခ်ျက “မမောမပန်းနိုင်တဲ့ ချန်ပီယံကြီး” လို့ ထောပနာ ပြုပါတယ်။

“အလုပ်ကို ဖောက်ထွင်းမြင်နိုင်စွမ်းရှိပြီး နည်းမှန်လမ်းမှန်နဲ့ ဆောင်ရွက်ပြီးမြောက်ဖို့ မနားမနေ လုပ်ဆောင်တဲ့သူ” ဟူ၍ ကုလသမဂ္ဂ ဖောင်ဒေရှင်း UN Foundation တည်ထောင်သူ Ted Turner က ပြောသည်။

၂၄ နာရီပတ်လုံး အလုပ်ကို လုပ်ဆောင်နိုင်စွမ်းရှိမှု အပေါ်မှာ လျှို့ဝှက်ချက်ကို မေးမြန်း စုံစမ်းတဲ့အခါ ထိပ်တန်းသံမှူးကြီးက ရယ်ရယ်မောမောနဲ့ အခုလိုဖြေကြားခဲ့ပါတယ်။

“ဘာ လှို့ဝှက်ချက်၊ မျက်လှည့်မှ မရှိပါဘူးဗျာ။ ကျနော်က ကာယ၊ အားကစားလည်း မလုပ်ပါဘူး။ ဘယ်ကစားနည်းကိုမှလည်း မကစားဘူး။”

“အရေးအကြီးဆုံးကတော့ သင့်ရဲ့ အင်အားနဲ့ စိတ်၊ သင့် နှလုံးသားနဲ့ စိတ်ဓါတ် ကို ဘယ်လို စူးစိုက်မလဲ ဆိုတာပါ။” ဘန်က ရှင်းပြ၏။

“နေ့စဉ်ဘ၀မှာ ကျနော်က အလွန်ကို စည်းစနစ် ရှိလှပါတယ်။ ရသမျှ အချိန်ကို အကျိုးအရှိဆုံး အသုံးချဖို့ ကျနော် ကြိုးစား ပါတယ်။ အချိန်ရသမျှလေးမှာ စိတ်အား စူးစိုက်ပါတယ်။ အဲဒါကတော့ကျနော့်အတွက် အင်အားဖြစ်စေတာပါ။ တကယ်ပါ။” ဘန်ကီမွန်းက ပြောပြခဲ့ပါတယ်။

Ref: မောက္ခ

0 comments:

အပေါ်သို့