Friday, July 8, 2011

အကျဉ်းထောင်အချို့ကို အိုင်စီအာစီ ၀င်ရောက်စစ်ဆေး

July 7, 2011

မြန်မာအာဏာပိုင်တွေရဲ့ တောင်းဆိုညှိနှိုင်းချက်အရ မြန်မာနိုင်ငံ အကျဉ်းထောင်အချို့ကို အိုင်စီအာစီဝန်ထမ်းတွေ ရေနဲ့ မိလ္လာ စနစ် ကောင်းမွန်ရေးအတွက် ဒီလဆန်းမှာ ၀င်ရောက်စစ်ဆေးခွင့်ရတယ်လို့ အိုင်စီအာစီက ပြောပါတယ်။


ကရင်ပြည်နယ်က ဘားအံထောင်၊ မွန်ပြည်နယ်က မော်လမြိုင်ထောင်နဲ့ ဧရာဝ တီတိုင်းက မြောင်းမြထောင်တို့ကို အိုင်စီအာစီ အင်ဂျင်နီယာတဦးနဲ့ ၀န်ထမ်းတချို့ သွားရောက် စစ်ဆေးခွင့်ရခဲ့တယ်လို့ အိုင်စီအာစီ အာရှရေးရာဌာန ပြောရေး ဆိုခွင့်ရှိသူ မစ္စတာ ခရစ္စယန် ကာဒန် (Christian Cardon) က ဆိုပါတယ်။

“ရေနဲ့ မိလ္လာစနစ်နဲ့ တခြား နည်းပညာအထောက်အကူ ပေးဖို့ပဲ ဖြစ်ပါတယ်။ အိုင်စီအာစီအနေနဲ့ အကျဉ်းထောင်တွေကို တကယ် ကြည့်ရှုစစ်ဆေးခွင့်ရတာမျိုး မဟုတ်ပါဘူး။ ဇူလိုင် ၁ ရက်နေ့မှာ မော်လမြိုင်ထောင်ကို ကျနော်တို့ဆီက ၀င်ရောက် ခဲ့ပါတယ်။ ၂ ရက် နေ့မှာ ဘားအံထောင်ကို သွားပါတယ်။ ၅ ရက်နေ့မှာ မြောင်းမြထောင်ကို သွားပါတယ်။ ဒါပေမယ့် ကျနော် ပြောချင် တာက တော့ ဒါဟာ နည်းပညာပိုင်း အကူအညီပေးဖို့သက်သက်ပါပဲ။ ဒီ့ပြင်တိုင်းပြည်တွေများစွာမှာ ရနိုင်တဲ့ အခွင့် အရေးမျိုးဖြစ်တဲ့ သင့် တင့် ပြီးပြည့်စုံတဲ့ ကြည့်ရှုစစ်ဆေးခွင့်မျိုး မဟုတ်ပါဘူး။ ဒါဟာ အပြုသဘောဆောင်တဲ့ ပထမ ခြေလှမ်း တော့ ဖြစ်ပါတယ်။”

အဲဒီခရီးစဉ်တွေမှာ အကျဉ်းသားတွေကို တွေ့ခွင့်မရခဲ့ပါဘူးလို့လည်း မစ္စတာ ကာဒန်က ပြောပါတယ်။ ကျန်အကျဉ်းထောင်တွေ မှာလည်း အခုလို ဆက်လက် ကူညီခွင့်ရမယ်လို့ မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။

အိုင်စီအာစီက ၁၉၉၉ ကနေ ၂၀၀၅ ခုနှစ်အတွင်း အကျဉ်းထောင်တွေကို လေ့ လာခွင့်ရရှိခဲ့ပြီး အကူအညီတွေ ပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၅ ကစပြီး စစ်အစိုးရရဲ့ ကန့်သတ်ချုပ်ချယ်မှုတွေကြောင့် အကျဉ်းထောင်တွေကို လေ့လာကူညီခွင့် ရပ်ဆိုင်းသွား ခဲ့တာ ဖြစ်ပါတယ်။

မြန်မာပြည်ကို အရင်လဆန်းပိုင်းတုန်းက ရောက်ရှိခဲ့တဲ့ အမေရိကန် အထက် လွှတ်တော်အမတ် ဂျွန်မကိန်းက မြန်မာအစိုးရကို တောင်းဆိုချက်တွေထဲမှာ အိုင်စီအာစီကို အကျဉ်းထောင်တွေထဲ လွတ်လွတ်လပ်လပ် ၀င်ရောက်ကြည့်ရှုခွင့်လည်း ပါရှိပါတယ်။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ဖို့လည်း ဂျွန်မကိန်းက တောင်းဆိုခဲ့ပါတယ်။

မြန်မာပြည်မှာ အကျဉ်းထောင်ပေါင်း ၄၂ ခုနဲ့ အလုပ်ကြမ်းအကျဉ်းစခန်းပေါင်း ၁၀၉ ခုရှိပြီး အင်းစိန်ထောင်တခုတည်းမှာတင် အကျဉ်းသား တသောင်းနီးပါး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီ ဘီက ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားပေါင်းကတော့ နောက်ဆုံးရရှိတဲ့စာရင်းအရ ၁၉၉၄ ဦး ရှိတယ်လို့လည်း သိရပါတယ်။

အိုင်စီအာစီကို ၆ နှစ်ကျော် ကန့်သတ်ထားရာက အခုလို ကူညီခွင့်ပြုတာဟာ အပြုသဘော ဆောင်ပေမယ့် အကန့်အသတ် တွေများနေတုန်း ဖြစ်တာကတော့ အလားအလာ မကောင်းပါဘူးလို့ အေအေပီပီ-ဘီ အထွေထွေအတွင်းရေးမှူး ဦးတိတ်နိုင်က သုံးသပ်ပြောကြားပါတယ်။

“အခုလို ၀င်ခွင့်ပြုလိုက်တာကတော့ ကောင်းတဲ့ လက္ခဏာပေါ့။ ဒါပေမယ့် အကန့်အသတ်တွေ သိပ်များတယ်ဆိုတာက နိုင်ငံရေးအရ ကစားနေတယ်လို့ ကျနော်တို့ ယူဆတယ်။ တကယ်ဆို အိုင်စီအာစီကို ၀င်ခွင့်ပြုမယ်ဆိုတဲ့ အရင်တုန်းကလို နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ကျတဲ့ အကျဉ်းသားတွေ၊ အမှုကြီး အကျဉ်းသားတွေ၊ ကျန်းမာရေး မကောင်းတဲ့သူတွေ၊ အဲဒီလိုလူတွေနဲ့ တွေ့ဖို့တော့ လိုတယ်။ အဲဒီလူတွေနဲ့ ပေးမတွေ့ဘဲနဲ့ အခုမှ စပြီးတော့ ရေနဲ့မိလ္လာ စလုပ်ရတယ်ဆိုတော့ တဆင့်ပြီး တဆင့် ဆိုရင် အရင် အခြေအနေ ရောက်ဖို့အတွက် နောက် လေးငါးနှစ်လောက် ကြာဦးမယ် အခြေအနေမျိုး ဖြစ်ပါတယ်။”

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့