Monday, July 4, 2011

ဒေါ်အောင်ဆန်းစုကြည် ပုဂံ ခရီးထွက်

2011-07-04

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက် ၇ နာရီမှာ ပုဂံညောင်ဦးဒေသကို မန္တလေးလေကြောင်းနဲ့ ခရီးထွက်ခွာ သွားပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို လိုက်လံပို့ဆောင်သူ ဦးထင်ကျော်က ပြောပါတယ်။


“မိသားစု ဘုရားဖူး သက်သက်ပါပဲ။ အေးအေးဆေးဆေး ပါပဲ အခုထိတော့လေ။ ဒီနေ့ မနက်ဆို ရောက်သွားမှာပါ”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုခရီးစဉ်ဟာ သားဖြစ်သူ ကိုထိန်လင်းနဲ့အတူ ဘုရားဖူးသွားတဲ့ ခရီးစဉ် ဖြစ်ပေမယ့် နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာပြီးနောက်ပိုင်း နယ်ခရီးကို ပထမဦးဆုံးအကြိမ် သွားရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ NLD ပါတီက လုံခြုံရေး တာဝန်ယူထားသူတွေ လိုက်ပါသွားတယ်လို့ သိရပါတယ်။ အခုခရီးစဉ်မှာ ပုဂံ ညောင်ဦး ဒေသခံတွေကို နိုင်ငံရေး ဟောပြောမှုတွေ လုပ်မှာ မဟုတ်ဘူးလို့ ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

နိုင်ငံရေး ဟောပြောမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်ခရီးစဉ်တွေကို စတင်တော့မယ်လို့ ပြီးခဲ့တဲ့ ဇွန်လ အစပိုင်းမှာ သတင်းဌာနတွေကို ပြောဆိုခဲ့ပြီးနောက် မြန်မာအစိုးရ ပြည်ထဲရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ လှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ ဇွန်လ ၂၈ ရက် နေ့စွဲနဲ့ တားမြစ်စာတစောင် ပေးပို့ခဲ့ပါတယ်။
Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့