Tuesday, July 5, 2011

ဂွမြို့နယ်တွင်း မိုးကြီး ကားလမ်းများ ပျက်၍ ကုန်ဈေးနုန်းတက်

7/5/2011
စံလင်း

ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြို လမ်းပျက်မှုများ ဖြစ်ပွားနေပြီး ကုန်ဈေးနှုန်းများလည်း မြင့်တက်နေကြောင်း သတင်း ရရှိသည်။

" ဂွကနေ အထွက် ၁၇ မိုင်ကွာတဲ့ နေရာမှာ လမ်းက ၁၀ ပေလောက် နိမ့်ဆင်းပီး ပျက်နေတယ်။ လမ်းက သုံးနေရာလောက် ပျက်နေပါတယ်။ မြယာမှာ တခါ တောင်ပြိုတယ်၊ ၂၇ မိုင်မှာလည်း မြေပြိုလို့ လမ်းပျက် နေတယ်။ အဲလို လမ်းပျက်သွားတဲ့ အတွက် ကားခ တန်ဆာ ကြေးတွေ ဈေးကြီး သွားတယ်။ ကုန်ဈေးနှုန်းတွေ နည်းနည်း ဈေးကြီးသွားတယ်။ အခုတော့ လမ်းက သွားလို့ရတယ် ဆိုရုံလောက်ဘဲ ရှိပါသေးတယ်။ လိုင်းကားတွေကတော့ သွားနေတယ်" ဟု ဂွမြို့ဒေသခံ တဦးက ပြောသည်။


သံတွဲ-ဂွ-ငသိုင်းချောင်း-ရန်ကုန် လမ်းသည် ရန်ကုန်မှ သံတွဲ အပြန်အလှန် ကုန်စည် ပို့ဆောင်ရာတွင် အဓိက အရေးပါသော လမ်းဖြစ်သည်။ အခုလို လမ်းပျက်စီးသည့်အတွက် မိုင် ၁၀၀ ကျော် ပိုရှည်သော ရန်ကုန်-တောင်ကုတ်လမ်းမှ တဆင့် သံတွဲ ဘက်သို့ ကုန်ပစ္စည်းများ ပို့ဆောင်ရသည့် အတွက် ကုန်ကျစရိတ် များနေကြောင်း သိရသည်။

ဇွန်လ ၂၅ ရက်နေ့ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဂွ-ငါးသိုင်းချောင်း လမ်းပေါ်ရှိ တောင်ပေါ် လမ်းတွင် မြေပြို လမ်းပျက် စီးခဲ့ရခြင်းဖြစ်သည်။

ဂွမြို့တွင် ဇွန်လ ၂၅ ရက်နေ့က မိုး ရေချိန် ၁၃ ဒသမ ၄၆ လက်မ ရွာသွန်းခဲ့ပြီး အဆိုပါမိုးရေချိန်သည် နှစ်ပေါင်း ၂၅ နှစ် အတွင်း ဇွန်လအတွက် အများဆုံး တိုင်းထွာရရှိသော မိုးရေချိန် စံချိန်သစ်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တည်ဆောက်ထားသော ကားလမ်းများမှာ အမြဲတမ်းလိုလို ပျက်စီးနေပြီး ခရီးသွားပြည်သူများ ခရီး သွားလာ ရာတွင် အထူး အခက်တွေ့နေကြသည်။ ဒေသတွင်း လာသော သတင်းများ အရ အမ်းမြို့တွင်လည်း မိုးရွာသွန်းမှုကြောင်း အသေးစား မြေပြို လမ်းပျက်မှုများ ရှိကြောင်း သိရသည်။

Ref: Narinjara

0 comments:

အပေါ်သို့