Tuesday, July 5, 2011

နေပြည်တော် လူမနေသည့်အိမ်များ ချိပ်ပိတ်

နရီလင်းလက်
05 July 2011

နေပြည်တော်တွင် လူမနေထိုင်သည့် အိမ်များကို ရပ်ကွက် အာဏာပိုင်များက စစ်ဆေး၍ ချိပ်ပိတ်ခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။

ဇွန်လ ၂၄ ရက်နေ့က နေပြည်တော် သပြေကုန်းရပ်ကွက်ရှိ လူမနေထိုင်သော နေအိမ်တအိမ်မှ ဗုံးပေါက် ကွဲမှုဖြစ်ပွားခဲ့သည်။


အဆိုပါဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက်တွင် နေပြည်တော်ခရိုင်ရဲတပ်ဖွဲ့မှ လုံခြုံရေးတင်းကျပ်သည့်အနေဖြင့် ယင်းကဲ့သို့ ပြုလုပ် ရန် ညွှန်ကြားထားခြင်းဖြစ်သည်ဟု နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရပ်ကွက်တာဝန်ရှိသူ တဦးက ဧရာဝတီကိုပြောသည်။

“ခရိုင်ရုံးက ညွှန်ကြားတဲ့ အတိုင်း ရပ်ကွက်တာဝန်ရှိသူတွေက လူမနေတဲ့ အိမ်တွေကို စစ်ဆေးပြီး ချိပ်ပိတ်တာတွေ စလုပ်နေ တယ်”ဟု သူက ပြောသည်။

ဇမ္ဗူသီရိမြို့နယ် ရပ်ကွက်တာဝန်ရှိသူက ဆက်လက်၍“ကျနော်တို့က အိမ်ပိုင်ရှင်နဲ့ ဆက်သွယ်ပြီး စစ်ဆေး ၊ချိပ်ပိတ်တယ် ဆို တဲ့နေရာမှာ အဆင့်တွေက အများ ကြီး၊ အိမ်ပိုင်ရှင်က နီးနီးနားနားမှာ နေတာဆိုရင် တမျိုး ၊ ဒီလိုမဟုတ်ဘဲ အိမ်နီးချင်းကို အပ် ထားတာ ၊ ဆွေမျိုးကို အပ်ထားတာ ၊ အိမ်ပွဲစားတွေကို အပ်ထားတာ ရှိနိုင်တယ်။ ဒီလိုဆို အဆင့်ဆင့်လိုက်ဆက်သွယ်ပြီး လုပ်နေရတာပေါ့”ဟု ပြောဆိုသည်။

ယင်းကဲ့သို့ စစ်ဆေးချိပ်ပိတ်ထားသည့် အိမ်များကို ပြန်လည် ဖွင့်လှစ်လိုပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး သို့မဟုတ် အုပ်ချုပ်ရေးအဖွဲ့ ထံသို့အကြောင်းကြား၍ အာဏာပိုင်များ ပြန်လည်ဖွင့်လှစ်ပေးမှ ကြည့်ရှု နိုင်မည်ဖြစ်သောကြောင့် အိမ်ခြံ မြေ အကျိုးဆောင် လုပ်ကိုင်သူများ အခက်အခဲရှိလာနိုင်ကြောင်း သိရသည်။

“လုံခြုံရေးအတွက် လုပ်တယ်ဆိုတာ မှန်ပေမယ့် တဖက်မှာ အိမ်ပွဲစားတွေ အလုပ်လုပ်ရ တော်တော်ခက်လာနိုင်တယ်။ အိမ် ငှား မယ့် သူဖြစ်ဖြစ် ၊ ၀ယ်မယ့်သူ ဖြစ်ဖြစ် ကိုယ့်အိမ်ကို ပြမယ်ဆို ရပ်ကွက်လူကြီးတွေကို အကြောင်းကြားဦး ၊ သူတို့လာမှ အိမ်ကဖွင့်လို့ရမယ်။ ဒီလိုသာ ကိုယ်က တယောက်ခေါ်လာလိုက် ၊ အိမ်တခါးဖွင့်ဖို့ လူကြီးတွေကို သွားပြေးပြန်ခေါ်လိုက်နဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး”ဟု နေပြည်တော် ပျဉ်းမနားမြို့မှ အိမ်အကျိုးဆောင်လုပ်ကိုင်သူ တဦးက ပြောပြသည်။

သူကဆက်၍“ကိုယ်သွားခေါ်တဲ့အချိန် ရပ်ကွက်ရုံးက တာဝန်ရှိသူတွေက အားနေဦးမှ၊ မအားလို့မလိုက်နိုင်ရင် ကိုယ့်စီးပွားရေး လုပ်လို့မရဘူး ပြဿနာရှုပ်လာဦးမယ်။ နောက်တခုက အိမ်ပွဲစား ၊ အကျိုးဆောင်တွေအပြင် ရပ်ကွက်က သက်ဆိုင်ရာ လူတွေ မပါမဖြစ် ခေါ်နေရမှာဆိုတော့ သူတို့ကို ပေးတာကမ်းတာတွေ လုပ်လာရနိုင်တယ်”ဟု ဆိုသည်။

ဇွန်လ ၁၀ ရက်နေ့က နေပြည်တော် မြို့မဈေးအနီး တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ဇွန် ၂၄ ရက်နေ့ကလည်း နေပြည် တော် ၊ မန္တလေးနှင့် ပြင်ဦးလွင်မြို့၃ မြို့တွင် ဗုံး ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

“စစချင်းဗုံးကွဲတယ် ဖြစ်တုန်းက ဒေသခံတွေ တော်တော်လေး လန့်ကြတယ်။ နောက်ပိုင်း နေပြည်တော်မှာ ဟိုနေရာမှာ ကွဲ လိုက် ၊ ဒီနေရာမှာ ကွဲလိုက်ဆိုတော့ ရိုးသွားသလိုဖြစ်နေပြီ။ လူများတဲ့ ဈေးနေရာလိုမျိုးတွေမှာ သတိထားပြီး သွားလာ ကြ တာမျိုးတော့ ရှိလာတယ်”ဟု နေပြည်တော် သပြေကုန်းရပ်ကွက်သား တဦးက ပြောသည်။

သူက ဆက်ပြီး“ဟိုးအရင်က ဒေသခံတွေ နေတုန်းက ဘာမှမဖြစ်ဘူး။ အကုန်အေးအေးချမ်းချမ်းပဲ။ နေပြည်တော်ကို ရုံးတွေရွှေ့လာ၊ အာဏာပိုင်တွေ ပြောင်းလာပြီးနောက်မှ ဒီလိုတွေဖြစ်လာတာ။ နောက်ပြီး အိမ်ပွဲစားတွေကို အိမ်ငှားတဲ့အခါ ဘယ် သူ ဘယ်ဝါ ငှားတယ် ၊ ငှားပြီး တကယ်နေတဲ့ သူပဲ ငှားရမယ်ဆိုပြီး ရပ်ကွက်ထဲမှာ ပြောနေ သံလည်းကြားတယ်”ဟု ပြောဆို သည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့