Friday, July 8, 2011

ဇေကမ္ဘာစာအုပ် ဆက်မထုတ်တော့

သဲသဲ
ဇူလိုင်လ ၀၈ ရက် ၂၀၁၁ ခုနှစ်

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီထုတ် “ဇေကမ္ဘာ ကုမ္ပဏီနှင့် ရွှေနံ့သာ လယ်သမားများ ပြဿနာ” စာအုပ်အား ဆက်လက် မထုတ်ဝေဘဲ ပါတီစာစောင်၌သာ ထည့်သွင်းဖော်ပြရန် စာပေစိစစ်ရေးက သောကြာနေ့တွင် ခေါ်ယူတွေ့ဆုံကာ တားမြစ်ခဲ့ကြောင်း ပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေက ပြောသည်။

စာအုပ်မှာ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်ရှိ ရွှေနံ့သာ ကျေးရွာအုပ်စုမှ လယ်သမား ၇၁ ဦး နှင့် လွှတ်တော်အမတ် ဦးခင်ရွှေပိုင် ဇေကမ္ဘာ ကုမ္ပဏီတို့အကြား အငြင်းပွားနေသည့် လယ်မြေပြဿနာများကို ရေးသားထားခြင်း ဖြစ်သည်။


“ကျနော်တို့စာအုပ်က မျက်နှာဖုံးမှာက ‘ဇေကမ္ဘာ ကုမ္ပဏီနှင့် ရွှေနံ့သာလယ်သမားများ ပြဿနာ’ ဆိုပြီး ရေးထားတော့ ဒါက ဘာလဲ၊ လက်ကမ်းစာစောင်လား၊ ဒါကို ဒိုင်ဗားစတီး (Diversity) စာစဉ်ထဲမှာ ဆောင်းပါးအနေနဲ့ ဒီခေါင်းစဉ်အတိုင်း ဖော်ပြတာ ကောင်းပါတယ်ပေါ့ဆိုပြီး ခေါ်ဆွေးနွေးတာပါ” ဟု ဦးနေမျိုးဝေက မဇ္ဈိမကို ပြောသည်။

အစိုးရအဖွဲ့မှ လယ်သမားများ ပြဿနာကို သိရှိစေရန် ရည်ရွယ်ကာ ယခုစာအုပ် ထုတ်ရကြောင်း စာပေစိစစ်ရေး လက်ထောက်ညွှန်ကြားရေးမှူး ဗိုလ်မှူးဟောင်းဦးတင့်ဆွေကို ပြန်ပြောခဲ့သည်ဟု ဆိုသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီက စာစောင် ထုတ်ဝေခွင့်(န/သ ၀၆၈) ရရှိထားပြီး ဒိုင်ဗားစတီးအမည်ဖြင့် ပါတီစာစောင်များ လစဉ် ထုတ်ဝေနေသည်။

ယခင်က ပါတီစာစောင်အပြင် စာအုပ်များ ထုတ်ဝေခဲ့သော်လည်း ယခုကဲ့သို့ ခေါ်ယူမေးမြန်းမှုများ မရှိခဲ့ပေ။

“ကြားပေါက်ထုတ်တဲ့ စာအုပ်တွေနဲ့ဆိုရင် ၁၀ အုပ်လောက် ရှိပြီ။ စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်တဲ့ စာတမ်းထုတ်တယ်။ နောက်တခါ စိတ်ကူးပုံရိပ် တရားဥပဒေကြမ်း ဆိုပြီးတော့ တအုပ်ထုတ်တာ ရှိပါတယ်” ဟု ဦးနေမျိုးဝေက ပြောသည်။

‪လက်ရှိ ထုတ်ဝေဖြန့်ချိပြီးဖြစ်သည့် စာအုပ်များမှာ ဖြန့်ချိပြီးဖြစ်ပြီး ဇေကမ္ဘာကုမ္မဏီနှင့် လယ်သမားများ ပြသနာနှင့်ပတ်သက်ပြီး ပါတီ၏ လစဉ်ထုတ် စာစောင်တွင်တော့ ဆက်လက်ဖော်ပြသွာမည်ဟု ဦးနေမျိုးဝေက ဆိုသည်။

ယခုဇေကမ္ဘာစာအုပ်တွင် စာမျက်နှာ ၄၀ ပါရှိကာ အဖြူအမည်းဖြင့် ဇွန် ၃၀ ရက်တွင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်အကျဉ်း၊ ဇေကမ္ဘာနဲ့ လယ်သမားများ ပြဿနာ၊ တည်ဆဲဥပဒေ၊ ဖွံ့ဖြိုးမှုနှင့် ထိခိုက်ခံစားမှု၊ မည်သို့ ဆုံးဖြတ်မည်နည်း၊ ခေတ်မမှီလျှင် ပြင်ရန်လို စသည်ဖြင့် အခန်း ၆ ခန်းခွဲကာ ပါတီ၏ သဘောထား အမြင်များကို ရေးထားသည်။ တအုပ်လျှင် ကျပ် ၃၀၀ နှုန်းဖြင့် အုပ်ရေ ၇၀၀ ခန့် ဖြန့်ချိထားသည်ဟု ဆိုသည်။

အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်အမတ် ဦးခင်ရွှေပိုင် ဇေကမ္ဘာကုမ္ပဏီက မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် ရွှေနံ့သာကျေးရွာအုပ်စုမှ လယ်မြေဧက ၈၀၀ ခန့်ကို တဧကလျှင် ၆ သိန်းကျပ် လျော်ကြေးပေးကာ ရယူခဲ့သည်။ ပေါက်ဈေး ထက် နှိမ်ဝယ်သည်ဟု လယ်သမားများက စွပ်စွဲပြောဆိုထားသည်။

ထို့အပြင် အဆောက်အအုံ မဆောက်လုပ်မီအထိ လယ်စိုက်နိုင်သည်ဟု ဦးခင်ရွှေက ခွင့်ပြုချက်ပေးခဲ့ဟု ဆိုကာ လယ်သမား များက ၀င်ရောက် စိုက်ပျိုးရာ ကုမ္ပဏီဝန်ထမ်းနှင့် ဒေသအာဏာပိုင်က တားမြစ်နေသဖြင့် အငြင်းပွားနေကြခြင်း ဖြစ်သည်။

ထိုကိစ္စ ပေါ်ပေါက်ခဲ့စဉ် ဇွန်လအတွင်းက ဦးခင်ရွှေကို ဆက်သွယ်မေးမြန်းရာတွင် စွပ်စွဲမှုသာဖြစ်ကြောင်း မဇ္ဈိမကို ပြောဆိုခဲ့သည်။

Ref: Mizzima

0 comments:

အပေါ်သို့