Friday, July 8, 2011

ပို့ကုန်အပေါ် အခွန်မကောက်သင့်ဟု ပညာရှင်ပြော

July 7, 2011

ပို့ကုန်အပေါ် အခွန်ကောက်တာကို အခုဇူလိုင်လကစပြီး ၃ ရာခိုင်နှုန်း လျှော့ချပေးလိုက်ပါတယ်။

ပို့ကုန် ရငွေကနေ ကုန်သွယ်လုပ်ငန်းခွန် ၈ ရာခိုင်နှုန်း၊ အရောင်းခွန် ၂ ရာခိုင်နှုန်း စုစုပေါင်း ၁၀ ရာခိုင်နှုန်း ကောက်ယူနေရာ ကနေ ကုန်သွယ်ခွန်ကနေ ၃ ရာခိုင်နှုန်း လျှော့ချပေးလိုက်တာ ဖြစ်ပါတယ်။

မြန်မာပို့ကုန်လုပ်ငန်းရှင်တွေကလည်း ပို့ကုန်အပေါ် အခွန်ကောက်တာတွေ ပယ်ဖျက်ပေးဖို့ တောင်းဆိုနေကြပြီး အခုကတော့ ၃ ရာခိုင်နှုန်းပဲ လျှော့ပေးလိုက်တာ ဖြစ်ပါတယ်။

အခုလို ပို့ကုန်အပေါ် အခွန်လျှော့ပေးလိုက်တာကို တချို့လုပ်ငန်းရှင်တွေက ကြိုဆိုကြပြီး တချို့လုပ်ငန်းရှင်တွေကလည်း ကျောက်မျက် ကျောက်စိမ်းနဲ့ ဆန်၊ ပဲ စတဲ့ ကုန်ပစ္စည်းအားလုံးအပေါ် တပြေးညီကောက်ခံနေတာကို ပြင်ဆင်ပေးသင့်တယ်လို့ ဝေဖန်တာတွေလည်း ရှိပါတယ်။

ဒီအပေါ်မှာ စီးပွားရေးပညာရှင် ဦးဟန်ထွန်းက “ကျောက်စိမ်း ကျောက်မျက် ကိစ္စတွေက အကယ်၍ ကုန်သွယ် လက်လွှဲ ခွန် အနေနဲ့ ထုတ်လုပ်စဉ်အခါမှာ ကျောက်မြတ်ရတနာ အခွန်စည်းကြပ်ကောက်ခံပြီးပြီဆိုရင် ပြီးပြီဗျ။ အဲဒီအဆင့် ထပ်တိုးပေါ့ဗျာ အခွန်နှုန်း နည်းရင် ထပ်တိုး။ ပို့ကုန်အပေါ်မှာတော့ မကောက်နဲ့တော့ ပေါ့ဗျာ။ ကျောက်စိမ်းတင် မဟုတ်ဘူး ဘာမဆိုပေါ့ဗျာ။ ဖြစ်နိုင်ရင် မကောက်တာ အကောင်းဆုံးပဲ။ တခြားနည်းနဲ့ နိုင်ငံခြားဝင်ငွေတွေ ရနေလို့ရှိရင် ပို့ကုန်အပေါ်မှာ အခွန်ကောက်တဲ့ ကိစ္စကို လုံးဝဖျက်သိမ်းသင့်တယ်” လို့ ပြောပါတယ်။

ကမ္ဘာ့နိုင်ငံအများစုက ပို့ကုန်ယှဉ်ပြိုင် တင်ပို့နိုင်ဖို့ အားပေးတဲ့အနေနဲ့ ကုန်တင်ပို့တဲ့အပေါ် အခွန်မကောက်ကြပါဘူး။ လက်ရှိ အခြေအနေမှာ ပို့ကုန်လုပ်ငန်း လုပ်သူတွေ တော်တော်များများ ဒေါ်လာဈေး၊ အန်နင်းလို့ ခေါ်တဲ့ ပို့ကုန်မှရငွေ ဒေါ်လာဈေးတွေ ကျနေလို့ အလုပ်မဖြစ်ကြပါဘူး။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့