Tuesday, March 27, 2012

ဆဒုံးဒေသတွင် ကချင်ဒုက္ခသည်များအတွက် ကုလ လှူဒါန်းနေ

ဖနိဒါ
မတ်လ ၂၆ ရက် ၂၀၁၂ ခုနှစ်

ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့များက ဝိုင်းမော်မြို့နယ် ဆဒုံးဒေသရှိ တရုတ်-မြန်မာ နယ်စပ် မှတ်တိုင်အမှတ် (၈) တွင် ကချင် စစ်ပြေးဒုက္ခသည် တထောင်ကျော် အတွက် တနင်္လာနေ့က ရောက်ရှိ လှူဒါန်းနေပြီ ဖြစ်သည်။

မတ်လ ၂၄ ရက်နေ့က ရန်ကုန်အခြေစိုက် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ၈ ဦးပါ ကိုယ်စားလှယ် အဖွဲ့က တနင်္လာနေ့ နံနက် ၉ နာရီ ခန့်တွင် ဝိုင်းမော်မြို့နယ် ဆဒုံးဒေသသို့ ရောက်ရှိလာပြီး ကချင်စစ်ပြေးဒုက္ခသည်များကို ပစ္စည်းများ စတင်လှူဒါန်းနေကြခြင်း ဖြစ် ကြောင်း ဒုက္ခသည် ကူညီရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆား က ပြောသည်။

“ဒီနေ့ ဒုက္ခသည်တွေက လက်မှတ်ထိုးပြီး ယူကြတယ်။ အိမ်ထောင်စု ၂၂၈ စု၊ လူဦးရေ ၁,၁၂၃ ဦး အတွက် လှူဒါန်းပြီး ပြီ။ ခုလည်း ဆက်လှူနေတုန်းပဲ။ အစားအသောက်က တလစာအတွက် ပေးတယ်”ဟု ဦးဒွဲပီဆားက ပြောသည်။

လာရောက်လှူဒါန်းသူများတွင် ကုလသမဂ္ဂအဖွဲ့အစည်းများ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး (UNOCHA)၊ ကုလသမဂ္ဂ ပညာရေးနှင့် ကလေး သူငယ်များ ဆိုင်ရာ ရန်ပုံငွေအဖွဲ့ (UNICEF)၊ ကုလမသဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အပါ အဝင် ကုလသမဂ္ဂအဖွဲ့အစည်းများက ကိုယ်စားလှယ်များလည်း ပါဝင်သည်။

ဆဒုံးဒေသများသို့ သွားရောက်လှူဒါန်းရန် မြန်မာအစိုးရနှင့် KIO တို့ကြား သဘောတူညီမှုအရ သွားရောက် လှူဒါန်းခြင်း ဖြစ်ကြောင်း ရန်ကုန်ရှိ ကုလသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ဦးအေးဝင်းက မဇ္စျိမကို ပြောသည်။

“ပထမ တသုတ်က လူတထောင်စာပါ။ လက်လှမ်းမီသလောက် သွားလှူကြမှာပါ။ ဒီနေရာ သွားဖို့ အင်မတန် ခက်ခဲ တယ်။ လုံခြုံရေး အခြေအနေ၊ လမ်းအခြေအနေ၊ သွားနိုင်တဲ့ ယာဉ်တန်းတွေ စတဲ့အခြေအနေတွေကို ထည့်စဉ်းစားပြီး လက်လှမ်းမီသလောက် သွားလှူ တာပါ”ဟု သူက မဇ္စျိမကို ပြောသည်။

ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကူညီထောက်ပ့သည့် ကုန်တင်ယာဉ်တန်း ၃ စီးတွင် ဆန်၊ ဆီ၊ ဆား၊ ကုလာပဲ တလစာ နှင့် အိုးခွက် ပစ္စည်းများ၊ မိုးကာ၊ စောင်၊ ခြင်ထောင်၊ တာလပတ်နှင့် ဆေးဝါးပစ္စည်းများ ပါဝင်ပြီး ဝိုင်းမော်မြို့နယ် အတွင်းရှိ ဆဒုံး၊ စကာပါ၊ ဘွမ်ဝါကျေးရွာများမှ စစ်ပြေး ဒုက္ခသည်များအတွက် ဖြစ်သည်။

အဆိုပါ ထောက်ပံ့ယာဉ်တန်းကို မြစ်ကြီးနားမြို့မှ ဆဒုံးဒေသအထိ မြန်မာအစိုးရဘက်က လုံခြုံရေးတာဝန်ယူပြီး ဆဒုံးမှ ဒုက္ခသည် စခန်းများသို့ သွားမည့်လုံခြုံရေးကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ တာဝန်ယူပေးခြင်း ဖြစ်ကြောင်း KIO ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် က ပြောသည်။

“ကျနော်တို့လည်း UN နဲ့ စကားပြောလို့ မရသေးဘူး။ အခု အရေးကြီးတဲ့ စစ်ပြေးဒုက္ခသည်စခန်း တခုနှစ်ခုကို အရင် လှူဒါန်းလာ တယ်လို့ပဲ ထင်တယ်။ UN အဖွဲ့ ခေါင်းဆောင်တွေ ဒီနေ့ရောက်လို့ အခု ပစ္စည်းလှူနေပြီ။ ကူညီဖို့ လိုလို့ ကူညီတာပဲ” ဟု မဇ္စျိမကို ပြောသည်။

တရုတ်-မြန်မာနယ်စပ် မိုင်ဂျာယန်နှင့် လွယ်ဂျယ်မြို့များတွင် UN အဖွဲ့မှ တာဝန်ရှိသူ ဒေါက်တာမိုးအောင် ဦးဆောင်သော အဖွဲ့တဖွဲ့ က လည်း ကချင်စစ်ပြေးဒုက္ခသည်များအား လှူဒါန်းရန် အင်္ဂါနေ့တွင် ရောက်ရှိကြမည် ဖြစ်သည်။

မြန်မာအစိုးရနှင့် KIO တို့၏ သဘောတူညီချက်အပေါ်မူတည်၍ စစ်ပြေး ဒုက္ခသည်များထံသို့ ထပ်မံ လှူဒါန်းသွားမည် ဖြစ်ကြောင်း ဦးအေးဝင်းက ဆက်ပြောသည်။

၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က UNHCR နှင့် UNICEF မှ ကိုယ်စားလှယ်များ ပထမဆုံးအကြိမ် ရောက်ရှိလာပြီး အိမ်တွင်းသုံး ကယ်ဆယ်ရေး ပစ္စည်းအစုံ ၈ဝဝ လှူဒါန်းပေးခဲ့သည့်အတွက် ယခုတကြိမ်မှာ ဒုတိယအကြိမ်မြောက် လှူဒါန်းခြင်း ဖြစ်သည်။

ကုလသမဂ္ဂ အဖွဲ့အစည်းများက ကချင်စစ်ပြေးဒုက္ခသည်ပေါင်း ၅ သောင်းကျော်ရှိသည်ဟု ခန့်မှန်းထားသော်လည်း KIO အဖွဲ့ အစည်း များ၏ စာရင်းအရ KIO ထိန်းချုပ်နယ်မြေအတွင်းနှင့် မြစ်ကြီးနား၊ ဗန်မော်၊ မိုးမောက် စသည့်မြို့နယ် အတွင်းတွင် အိုးအိမ်စွန့်ခွာ ထွက် ပြေးနေထိုင်နေရသူပေါင်း ၆ သောင်းကျော်ရှိသည်ဟု ဆိုသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့