Thursday, March 29, 2012

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲ ရွှေ့ဆိုင်း

ကိုပေါက်
မတ်လ ၂၈ ရက် ၂၀၁၂ ခုနှစ်

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ရေးရာကော်မတီများက အသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံရန် စီစဉ်ထားခြင်းကို ရွှေ့ ဆိုင်းလိုက်ကြောင်း သိရသည်။

ကြာသပတေးနှင့် သောကြာနေ့များတွင် ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI ရုံးတွင် တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားသော်လည်း ယာယီရွှေ့ဆိုင်းလိုက်ကြောင်း ပြည်သူ့လွှတ်တော်၏ စီးပွားရေး နှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုး တိုး တက်ရေး ကော်မတီက သတင်းမီဒီယာများသို့ ဗုဒ္ဓဟူးနေ့က အကြောင်းကြားလိုက်သည်။

မူလ အစီအစဉ်အရ ဆွေးနွေးပွဲတွင် AFTA ခေါ် အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ခွင့် ဧရိယာဖြစ်လာမည့် ၂၀၁၅ ခုနှစ်နှင့် ကမ္ဘာ့စီးပွား ရေး စိန်ခေါ်မှုများအတွက် မြန်မာနိုင်ငံ၏ ပြင်ဆင်ထားရှိမှုများလည်း ပါဝင်မည်ဖြစ်ပြီး ကျပ်ငွေနှင့် ဒေါ်လာလဲလှယ်နှုန်း ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးမည်ဟု သိရသည်။


ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက တက်ရောက်လာသူများ၏ ဆွေးနွေးချက်များကို ဒိုင်ခံသုံးသပ်ရှင်းလင်း ပေးသွားမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်၏ စီးပွားရေး နှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်သိမ်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးဌေးမြင့် တို့ကလည်း ရှင်းလင်းတင်ပြကြရန် စီစဉ်ထားခြင်း ဖြစ် သည်။

ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ကလည်း သူရဦးရွှေမန်းနှင့် တွေ့ဆုံပွဲတခုကို ရန်ကုန်တိုင်းလွှတ်တော် အဆောက်အဦးတွင် ပြုလုပ်ခဲ့သေးရာ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် တိုင်းဒေသကြီးလွှတ်တော်မှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ကြပြီး ပြည်တွင်းပြည်ပ မီဒီယာသမား ၃၀ ကျော် တက်ရောက်ခဲ့ကြသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့