Thursday, March 29, 2012

မြန်မာ့လူ့အခွင့်အရေးကော်မရှင် သတင်းစာရှင်းလင်းပွဲလုပ်

မင်းသက်
မတ်လ ၂၈ ရက် ၂၀၁၂ ခုနှစ်

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က မိမိတို့ယခု ရပ်တည်လှုပ်ရှားနေမှုမှာ နိုင်ငံတော်သမ္မတ၏ ထောက်ပံ့ငွေဖြင့် ရပ်တည် ခြင်းဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား လိုက်သည်။

ရန်ကုန်မြို့ရှိ အဆိုပါ ကော်မရှင် ရုံးတွင် ညနေ ၃ နာရီခွဲက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ငွေကြေးကိစ္စနဲ့ ပတ်သက်သည့် အသေးစိတ်ကို အတွင်းရေးမှူး ဦးစစ်မြိုင်က ရှင်းပြခဲ့သည်။

“အခုရတဲ့ ငွေနဲ့ လုံလောက်မှုမရှိလည်းဘဲ အန်ကယ်တို့က ရတဲ့ဟာနဲ့ ဖြစ်အောင် လုပ်မှာပါ။ အရမ်း ခက်ခက်ခဲခဲ မဖြစ်သွားပါဘူး။ အန်ကယ်တို့ တနှစ်စာအတွက် စာရင်းတွက်နေတာ။ တကယ်လိုတာကတော့ အန်ကယ်တို့တင်တဲ့ အရေအတွက်လောက် လိုတာ ပေါ့လေ။ အခုတော့ တလကို ၅ သိန်းကနေ ၁၀ သိန်းထိ ရပါတယ်"ဟု ပြောသည်။ သမ္မတကြီး၏ တရားဝင် လစာငွေမှာ တလလျှင်
ကျပ် သိန်း ၅ဝ ဖြစ်သည်။


ကော်မရှင် ရပ်တည်လှုပ်ရှား ဆောင်ရွက်ရေးအတွက် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု လွှတ်တော် သို့ ဘတ်ဂျက်ငွေ သန်း ၅၀၀ တင်ပြခဲ့ကြောင်း ဦးစစ်မြိုင် က ပြောသည်။

လူ့အခွင့်အရေးကော်မရှင်မှာ ပြည်ထောင်စုအစိုးရ ဗဟိုအဖွဲ့အစည်းမဟုတ်၍ အဆိုပါ တင်ပြငွေကို မတ်လ ၁၆ ရက်နေ့ ပြည်ထောင် စု လွှတ်တော်က ပယ်ချခဲ့သည်။

ဗဟိုအဖွဲ့အစည်းတွင် အကျုံးမဝင်၍ ဘတ်ဂျက်ရသုံးမှန်းခြေငွေစာရင်း အသုံးစရိတ်တွင် ထည့်ထားခြင်းမှ ပယ်ဖျက်ခြင်း သည် ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း ဆောင်ရွက် အထောင်အထည်ဖော်ခြင်းတို့ကို ပျက်ပြယ်စေခြင်း မရှိကြောင်း ပြောသည်။

အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံအချို့တို့အား ဥပမာပေးကာ ကော်မရှင် ဒုဥက္ကဋ္ဌ ဦးကျော်တင့်ဆွေ က “အဲလို နိုင်ငံတွေမှာလည်း ကနဦး ဖွဲ့စည်းစ ကာလမှာဆိုရင် သမ္မတ ဒါမှမဟုတ် ဝန်ကြီးချုပ်က တာဝန်ယူဖွဲ့စည်းပေးရပါတယ်။ အဲနောက်မှာမှ လူ့အခွင့်အရေးကော်မရှင် ဥပဒေတရပ်ပြဋ္ဌာန်းပြီး ဥပဒေနှင့်အညီ ဆက်လက်ရပ်တည် ဆောင်ရွက်ကြ တာကို လေ့လာသိရှိရပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံ မှာဆိုရင် ငါးနိုင်ငံမြောက် အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းနိုင်တဲ့ နိုင်ငံဖြစ်တယ်" ဟု ပြောသည်။

လူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်းအား စတင်ရေးဆွဲနေပြီဖြစ်ပြီး သမ္မတ၏ သဘောတူညီချက် ရပါက လွှတ်တော်မှ အတည်ပြုချက် ရယူသွားမည်ဟု ဦးကျော်တင့်ဆွေက ပြောသည်။

တနာရီကျော်ကြာ သတင်းစာရှင်းလင်းပွဲတွင် ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ၊ ဒုဥက္ကဋ္ဌ ဦးကျော်တင့်ဆွေ၊ အတွင်းရေးမှူး ဦးစစ်မြိုင်တို့ တက် ရောက်ခဲ့ကြပြီး ကော်မရှင် ရပ်တည်ဆောင်ရွက်လျက်ရှိသော ကိစ္စရပ်များ နှင့်ပတ်သက်သည့် ရှင်းလင်းပြောပြခဲ့ကြသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့