Wednesday, March 28, 2012

အနုပညာရှင်တို့ ရွေးကောက်ပွဲပညာပေး အစီအစဉ်စတင်

မျိုးသန့်
မတ်လ ၂၇ ရက် ၂၀၁၂ ခုနှစ်

အနုပညာရှင်တို့၏ ရွေးကောက်ပွဲပညာပေး အစီအစဉ်ကို အင်္ဂါနေ့တွင် မန္တလေးတိုင်း ပြင်ဦးလွင်တွင် စတင်၍ လုပ်ဆောင်နေပြီဟု သရုပ်ဆောင် ရဲတိုက်က မဇ္ဈိမကို ပြောသည်။

ဒါရိုက်တာ ဝိုင်း၊ သရုပ်ဆောင် လူမင်း၊ ထွန်းအိန္ဒြာဗို၊ ဝေဠုကျော်၊ ရဲတိုက်၊ ချစ်သုဝေတို့ ပါဝင်သည့် ရွေးကောက်ပွဲ ပညာပေး သရုပ်ပြ အစီအစဉ်ကို ပြင်ဦးလွင်မြို့ ဉာဏ်တောကွင်းတွင် အင်္ဂါနေ့ ညနေပိုင်းတွင် ပြုလုပ်ခဲ့သည်ဟု သရုပ်ဆောင် ရဲတိုက်က ပြောသည်။

“မဲထည့်ပုံ ထည့်နည်းရယ်၊ ပယ်မဲ မဖြစ်အောင်ရယ်၊ သေချာခြစ်ဖို့ရယ်၊ မဲနဲ့ပတ်သက်တဲ့ ဗဟုသုတတွေပါပဲ။ အမှန်ခြစ် ကို ကောက်သွား တာတို့၊ ပဲပင်ပေါက်ပုံ မဖြစ်အောင်တို့ ကိုယ်နှစ်သက်တဲ့ ပါတီကိုပဲ အမှန်လေးခြစ်ပြီးတော့ အခြားပါတီ ကို အမှားမခြစ်ဖို့ ဒါမျိုးတွေ လုပ်မိ မှာစိုးလို့ ကျနော်တို့ ပညာပေးပါတယ်” ဟု သရုပ်ဆောင် ရဲတိုက်က မဇ္ဈိမကို ပြော သည်။

ပညာပေးအစီအစဉ်ကို မတ်လ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ပြင်ဦးလွင်၊ စစ်ကိုင်း၊ ပုလဲနှင့် ပခုက္ကူ မြို့နယ်များသို့ သွားရောက် ပညာ ပေးရန် စီစဉ်ထားသော်လည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲများ စစ်ဆေးနေချိန်နှင့် တိုက်ဆိုင်နေ သဖြင့် ယခုလ ၂၇ ရက်နေ့တွင် စတင် ခြင်းဖြစ်သည်။

ရုပ်ရှင်သရုပ်ဆောင်များသည် အင်္ဂါနေ့မှ စတင်၍ စစ်ကိုင်းမြို့၊ ပုလဲမြို့၊ မုံရွာမြို့များသို့ သွားရောက်၍ ရွေးကောက်ပွဲ ပညာပေး ဟောပြော ပွဲနှင့် မဲထည့်ခြင်း သရုပ်ဖေါ်ပြဇာတ်ကိုလည်း ကပြ၍ ပညာပေးမည်ဖြစ်သည်။

အင်္ဂါနေ့ ပြင်ဦးလွင်မြို့ ပညာပေး အစီအစဉ်တွင်လည်း ပြဇာတ်ကို ဝတ္ထုဇာတ်ညွှန်း အောင်သူသျှီး ရေးသားသည့် ‘ဒီလိုလေး ခြစ်တတ်ရင် ရပြီ’ ပြဇာတ်ကို ကပြ၍ ပညာပေးခဲ့သည်ဟု သရုပ်ဆောင်ရဲတိုက်က မဇ္ဈိမကို ပြောသည်။

ပြဇာတ်ကို အင်တာနက် You Tube စာမျက်နှာတွင်လည်း ရောက်ရှိနေပြီး ဒါရိုက်တာ ဝိုင်းမှ ရိုက်ကူးထားကာ လူမင်း၊ သရုပ်ဆောင် ထွန်းအိန္ဒြာဗို၊ ဝေဠုကျော်၊ ချစ်သုဝေတို့ မှ သရုပ်ဆောင်ထားသည်။

ပြဇာတ်အတွင်း အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း လွတ်လပ်စွာ မဲထည့်ပိုင်ခွင့်ရှိကြောင်း၊ ကြိုတင်မဲနှင့် ပတ်သက်၍ ဆေးရုံ တက်ရောက် နေသူများ၊ ခရီးဝေးသွားနေသူများသာ ကြိုတင်မဲ ပေးခွင့်ရှိသည်ကို ထည့်သွင်းပညာပေးထား သည်။

မဲဆန္ဒရှင်များ ဆန္ဒပေးသည့် အမှန်ခြစ် သင်္ကေတသည်လည်း နှစ်ခွမဖြစ်ရန်၊ နှစ်ခါ ထပ်မခြစ်ရန်၊ တွန့်ကောက်ခြင်း မရှိရန်၊ ကြက်ခြေ ခတ် မဖြစ်စေရန်လည်း ပြဇတ်အတွင်း သတိပေးထားသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲမသမာမှုများ မကြုံတွေ့စေရန်နှင့် မဲပေးပုံကို မဲဆန္ဒရှင်များ သိရှိနားလည်စေရန် ရည်ညွှန်း၍ ရေးထား သည့် ‘လာမယ့် ရွေးကောက်ပွဲမှာ မဲဘယ်လိုပေးကြမလဲ’ စာအုပ်ကိုလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ ဇန်နဝါရီလအတွင်း ပြည်နယ်နှင့်တိုင်း NLD ၏ စည်းရုံးရေးတာဝန်ရှိသူများထံ ဖြန့်ဝေပေးပို့ထားသည်။

အဆိုပါ စာအုပ်ကို ဥပဒေပညာရှင် ဦးကိုနီ ရေးသား၍ ပြည်သူ့ခေတ် ဂျာနယ်တိုက်မှ အုပ်ရေ ၂,၀၀၀ ပုံနှိပ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့