Thursday, March 29, 2012

မြန်မာ့ စွမ်းအင်ဈေးကွက် ပြည်သူခံစားနိုင်ဖို့ လိုအပ်

2012-03-28

မြန်မာနိုင်ငံရဲ့ ပေါကြွယ်ဝတဲ့ ရေနံနဲ့ ဓါတ်ငွေ့ လောင်စာစွမ်းအင် သယံဇာတတွေမှာ နိုင်ငံခြားကုမ္ပဏီတွေ ပိုမိုရင်းနှီးမြှုပ်နှံလာကြရေး အတွက် နှစ်ရက်ကြာ ညီလာခံတစ်ရပ် ဗုဒ္ဒဟူးနေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့ အရေးယူထားတာတွေ ပြန်လည်ရုတ်သိမ်း တော့ မယ့် အလားအလာတွေ မြင့်မားလာနေချိန်မှာ မြန်မာ့စွမ်းအင်ဝန်ကြီးဌာနနဲ့ CMT ခေါ် နည်းပညာ စီမံခန့်ခွဲရေးဌာနတို့ ပူးတွဲပြီး ဒီညီ လာခံကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။


မြန်မာနိုင်ငံမှာ အရန်ရေနံစိမ်းပမာဏ စည်ပေါင်း သန်း သုံးထောင်ကျော်၊ သဘာဝဓါတ်ငွေ့ ပမာဏ ကုဗပေ သန်းပေါင်း ၁၂ သန်းကျော် ရှိကြောင်း၊ ပြီးခဲ့တဲ့ ဇန်န၀ါရီလက ကုန်းတွင်းရေနံ နဲ့ ဓါတ်ငွေ့လုပ်ကွက် (၁၀ ) နေရာ အတွက် ကုမ္ပဏီ (၈) ခုကို လုပ်ကိုင်ခွင့်ပြုခဲ့ ကြောင်း၊ အခု ကမ်းလွန်လုပ်ကွက် (၉) နေရာအတွက် လေလံ ခေါ်ယူမှာဖြစ်ကြောင်း CMT က ပြောပါတယ်။

ဒါ့ပြင် မြန်မာ့ စွမ်းအင်ရှာဖွေ တူးဖေါ်ရေးကဏ္ဍမှာ တရုတ် နဲ့ အိန္ဒိယ တို့က အများဆုံးရင်းနှီးမြှုပ်နှံနေကြပြီး၊ အနောက်နိုင်ငံ ကုမ္ပဏီတွေကတော့ သူတို့အစိုးရတွေက မြန်မာအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူထားတာကြောင့် ရင်းနှီးမြှုပ်နှံဖို့ အခွင့်မသာဘဲ ဖြစ်နေခဲ့ရကြောင်း၊ ဒါပေမဲ့ အခုတော့ ပိတ်ဆို့မှုတွေ ရုတ်သိမ်းသွားတော့မယ့် အပေါ် စောင့်စားရင်း နိုင်ငံတကာ ကုမ္ပဏီတွေဟာ မြန်မာ့ စွမ်းအင်ဈေးကွက်မှာ ပါဝင်နိုင်ဖို့ စီစဉ် ပြင်ဆင်နေကြပြီ ဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။

ဒါပေမဲ့ Oilwatch Southeast Asia ခေါ် အရှေ့တောင်အာရှ ရေနံစောင့်ကြည့်ရေးအဖွဲ့က မြန်မာနိုင်ငံရဲ့ လောင်စာ သယံဇာတ နယ် ပယ်မှာ ရင်းနှီးမြှုပ်နှံတာတွေကြောင့် မြန်မာပြည်အတွက် အကျိုးထက် အပြစ်က ပိုများသွားလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

မြန်မာအစိုးရဟာ ၂၀၁၁- ၂၀၁၂ ဘဏ္ဍာရေးနှစ် အတွင်း စွမ်အင်ကဏ္ဍကနေ နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ သန်းပေါင်း သုံး ထောင် နီးပါး ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူတွေ မခံစားခဲ့ရသလို၊ တိုင်းပြည်ရဲ့ စီးပွားရေးလည်း သိသိသာသာ တိုးတက်မလာခဲ့ပါဘူး။ မြန်မာပြည်မှာ စစ်တပ်က အာဏာကို ထိန်းချုပ်နေသမျှ၊ ဒီမိုကရေစီ ကင်းမဲ့နေသမျှ ရေနံ နဲ့ ဓါတ်ငွေ့လုပ်ငန်းမှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုတွေ ရှိလာမှာ မဟုတ်ပါဘူးလို့ Oilwatch Southeast Asia ရဲ့ ဦးဆောင်သူတစ်ဦးက ပြောလိုက်ပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့