Saturday, March 31, 2012

'အနစ်နာခံခဲ့သူတွေကို ကြားဖြတ်ရွေးကောက်ပွဲမှာ ကျေးဇူးဆပ်မယ်'

မျိုးသန့်
မတ်လ ၃၀ ရက် ၂၀၁၂ ခုနှစ်

(တေးရေး၊ တေးဆို ဆောင်းဦးလှိုင် နှင့် အင်တာဗျူး)

ချင်းမိုင် (မဇ္ဈိမ) ။ ။ အဆိုတော် ဆောင်းဦးလှိုင်သည် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပညာပေး အစီအစဉ် အဖြစ် ရုပ်ရှင် ဂီတ အနုပညာရှင်များနှင့်အတူ ပြင်ဦးလွင်မြို့သို့ မတ်လ ၂၇ ရက်နေ့က သွားရောက်ပညာပေးခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ သူ၏ မျှော်လင့်ချက်များ၊ ပြည်သူလူထု၏ စိတ်ဝင်စားမှုအခြေအနေ၊ အနုပညာသမားများနှင့် နိုင်ငံရေး စသည်တို့ကို မဇ္ဈိမ သတင်းထောက် မျိုးသန့် က ဆက်သွယ် မေးမြန်းထားသည်။


မြန်မာပြည်အလယ်ပိုင်းမြို့တွေကို မဲပညာပေးသွားကြတယ်ဆိုတော့ NLD အပေါ်မှာ ဘယ်လို မျှော်လင့်ချက်တွေနဲ့ သွားလုပ်ကြတာလဲ။

"ကျနော်တို့ NLD အပေါ်မျှော်လင့်ချက်ဆိုတာထက် အမေစုက သူ မသွားနိုင်တဲ့မြို့တွေကို သူ့ကိုယ်စား ကျနော်တို့ အနုပညာသမား တချို့ပေါ့ဗျာ၊ သွားပေးဖို့ တိုက်တွန်း အကြံပြုခဲ့တာရှိတော့ ကျနော်တို့က အမေ့ရဲ့ ဆန္ဒကို ဖြည့်ဆည်း ပေးတာပါ။ ကျနော်တို့ ကတော့ ဖြည့်ဆည်းပေးတဲ့သူတွေ ဖြစ်တဲ့အတွက် မျှော်လင့်ချက်ကတော့ ဘာမှ မထားပါဘူး။"

NLD ကို ကိုယ်စားပြုပြီး သွားကြတာဆိုတော့ လာကြတဲ့ ပရိသတ်ရဲ့ အနေအထားက ဒီပွဲကို စိတ်ဝင်စားမှု ဘယ်လိုရှိပါသလဲ။

"ကျနော်တို့ သာမန် စတိတ်ရှိုးတွေ လုပ်ရင်တောင် ဘောလုံးကွင်းက ပြည့်ဖို့ဆိုတာ မလွယ်ပါဘူး။ စီးပွားရှာတဲ့ စတိတ်ရှိုးတွေ ပေါ့ဗျာ။ အဲဒါတွေဆိုရင် လူတွေ ဒီလောက်များဖို့ မလွယ်ဘူး။ အခုကတော့ ဘောလုံးကွင်း အပြည့် လာတယ်။ ကျနော့်ဘက်ကတော့ ကျနော် လူမှုရေးသမား ဖြစ်နေတဲ့အခါကျတော့ ဖျော်ဖြေရေးခရီးစဉ်ပေါ့ဗျာ။ ကျနော်စည်းရုံးရေး လှုပ်ရှားမှုတော့ မလုပ်ခဲ့ပါဘူး။ ကျနော်က ပါတီဝင် မဟုတ်တဲ့ အတွက်ပါ။"

အနုပညာရှင်တွေက ဒီလို ပါတီတခုအတွက် စည်းရုံးရေးသဘောမျိုး လုပ်တဲ့အပေါ်မှာ ဝေဖန်တာတွေလည်း ရှိနေပါတယ်။

"အေးဗျ ပြောကြတယ်။ အနုပညာသမား ဘာနိုင်ငံရေးလုပ်ဖို့လိုလဲ ဆိုပေါ့။ ဒါပေမယ့် တိုင်းပြည်က ဆင်းရဲတယ်။ အဲဒီတော့ အနုပညာ သမားမှ၊ သူဌေးကြီးမှ၊ ဆင်းရဲမှ၊ ချမ်းသာမှ၊ ရုပ်ရှင်မှ၊ ဂီတမှ မဟုတ်ဘူးဗျ။ အားလုံးမှာ တာဝန် ရှိပါတယ်။ ကျနော်တို့ သမိုင်းမှာ ရုပ်ရှင်ရဲ့ ထိပ်တန်းနာမည်ကျော်တွေနဲ့ ဂီတသမား ထိပ်တန်းနာမည်ကျော်တွေနဲ့ ဒါ ပထမဆုံး နိုင်ငံရေးအရ အကြီးအကျယ်လက်တွဲပြီး လုပ်ဆောင် ကြတဲ့ပွဲလည်း ဖြစ်ပါတယ်။ ရုပ်ရှင်နဲ့ ဂီတဆိုတာ သူကလည်း သူ့အလုပ်သူလုပ်၊ ကိုယ်ကလည်း ကိုယ့်အလုပ် ကိုယ်လုပ်နဲ့ နေကြတာဗျ။ ဒါဟာ ပထမဆုံးအကြိမ် စည်းစည်းလုံးလုံး သွားကြတဲ့ပွဲပါ။"

၁၉၉ဝ တုန်းက ဘယ်ပါတီကို မဲထည့်ခဲ့ပါသလဲ။ အခုတကြိမ်မှာကော။

"ကျနော်ကတော့ ၁၉၉ဝ တည်းကလည်း ရွေးကောက်ပွဲမှာ တခါ မဲပေးဖူးပါတယ်။ အဲဒီတုန်းကလည်း အမေစုတို့ NLD ပါတီကိုပဲ မဲပေး ခဲ့ပါတယ်။ အခုတော့ ၂ဝ၁၂ မှာ ကျနော် ဒုတိယအကြိမ် မဲပေးမယ်ပေါ့။ ကျနော် မရမ်းကုန်းကို ပြန်လာ တယ်။ ပြန်လာပြီးတော့ ဆရာမ ကြီး ဒေါ်မေဝင်းမြင့်တို့ကို ထောက်ခံ အားပေးဖို့ပေါ့ဗျာ။ ကျနော့်ဆန္ဒ မဲတပြားကိုတော့ NLD ကို ပေးသွားမယ်။"

၂ဝ၁ဝ တုန်းက မဲပေးခဲ့လား။

"၂ဝ၁ဝ တုန်းကတော့ ကျနော် မဲမပေးခဲ့ပါဘူး။ အကြောင်း အမျိုးမျိုးတော့ ရှိတာပေါ့ဗျာ၊ ကျနော်တို့ကြိုက်တဲ့ပါတီ ကျနော်တို့ မဲပေးချင် တဲ့ပါတီက မပါတဲ့အတွက် အဓိကအကြောင်းအချက်ကတော့ ဒါပဲပေါ့။"

ခုတော့ NLD ကို မဲပေးမယ်ဆိုတော့ ဘာ့ကြောင့်လဲ။

"ကျနော်ကတော့ အမေစုတို့ပါတီကို မဲပေးတဲ့အခါမှာ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီဖြစ်စဉ် လှုပ်ရှားမှုတွေမှာ ကျောင်းသားတွေ ပါဝင် ခဲ့ကြတယ်။ သံဃာတော်တွေ ပါဝင်ခဲ့ကြတယ်။ နိုင်ငံရေးပါတီဝင်တွေလည်း ပါဝင်လှုပ်ရှားခဲ့ တာရှိတယ်။ ဒီမိုကရေစီ တံခါးဖွင့်ဖို့ အရေး ပေါ့။ ပါတီဝင်တွေရှိမယ်၊ ရဟန်းထုရှိမယ်၊ ကျောင်းသားတွေရှိမယ် ပါတီတွေထဲကမှ အမေစုတို့ ပါတီက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရဖို့အတွက် အများဆုံးစွန့်လွှတ် ပေးဆပ် ခဲ့ကြတယ်ဗျာ။ ပါတီဝင် လူကြီးလူငယ်တွေပေါ့။ အဲဒီတော့ NLD ပါတီက အများဆုံး ပေးဆပ်စွန့် လွှတ်ခဲ့တယ်လို့ ကျနော်က ယုံကြည်ပါတယ်။"

"ဒါကြောင့် ကျနော်က ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ NLD ပါတီဝင် အမတ်လောင်းတွေကို ကျနော်ကတော့ မဲဆန္ဒရှင်တယောက်အနေနဲ့ အားပေး ထောက်ခံသွားတာပါ။ ကျေးဇူးဆပ်တဲ့အနေနဲ့ ထောက်ခံတာပါ။ ကျေးဇူးဆပ် တယ် ဆိုတော့ ဘာလုပ်ပေးဖို့ ညာလုပ်ပေးဖို့ မလိုတော့ပါဘူး။ ကျနော်ကတော့ ကျေးဇူးဆပ်တာပါ။ ကျနော်တို့ရဲ့ ပြည်သူလူထုအပေါ်ကို ပေးဆပ်ခဲ့ကြတဲ့ ပါတီအတွက်ပေါ့။ ပါတီ တွေထဲမှာ ကြည့်ရင်တော့ NLD ပါတီက အများဆုံး စွန့်လွှတ် အနစ်နာခံခဲ့တာပဲ။ တခြားအသင်းအဖွဲ့တွေ၊ အုပ်စုတွေလည်း ရှိဦးမှာပါ။"

မရမ်းကုန်း မဲဆန္ဒနယ် မဲစာရင်း မှားယွင်းတာတွေ ရှိတယ်။ ၂ဝ၁ဝ တုန်းကလည်း ကြိုတင်မဲ ကိစ္စတွေက တော်တော်ရှုပ်ရှုပ် ထွေးထွေး ရှိခဲ့တယ်။ အခုကော မရမ်းကုန်းမြို့နယ်မှာ အဲဒီအခြေအနေတွေ ကြုံနေရလား။

"ကြုံတော့ မကြုံရဘူးပေါ့ဗျာ။ ကြားပဲ ကြားရတာပေါ့၊ အဲဒီလို ကြားတာတွေအတွက်တော့ မဲဆန္ဒရှင်တယောက် အနေနဲ့ သန့်သန့်ရှင်းရှင်း မျှမျှတတ ဖြစ်စေချင်တဲ့ ဆန္ဒရှိသလို ဒီလိုဖြစ်ဖို့လည်း တိုက်တွန်းပါတယ်။ ကျနော်လည်း အများပြည်သူကို မိမိတို့ရဲ့ ဆန္ဒမဲကို အ ကြောက် တရား ကင်းကင်းနဲ့ မိမိရဲ့ မဲတပြားကို မိမိကြိုက်နှစ်သက်လို့ ပေးတာမျိုး ဖြစ်ဖို့။ မဲပေးတဲ့နေရာမှာ မိမိမြို့နယ်၊ မိမိတိုင်း၊ မိမိနိုင်ငံကို တကယ်ထိထိရောက်ရောက် ပေးဆပ်ခဲ့ဖူးတဲ့ လူမျိုးတွေ ဖြစ်စေ၊ ပေးဆပ်မယ့်လူတွေဖြစ်စေ ရွေးချယ်သင့်တယ် ဆိုတာကို တော့ ကျနော်တို့ရဲ့ အင်တာဗျူးတွေ ကျနော်တို့ရဲ့ စကားသံတွေမှာတော့ ထည့်ပြောနေပါတယ်။"

ဟုတ်ကဲ့ လောလောဆယ်အနေအထားအရ NLD ဟာ လူစိတ်ဝင်စားမှု အများဆုံးခံရတဲ့ ပါတီတခုပေါ့။ ကိုဆောင်းဦးလှိုင်တို့လို အနု ပညာရှင်တွေကအစ ဝိုင်းဝန်း ကူညီနေတဲ့အခါကျတော့ တကယ့်တကယ်မှာ မှန်းထားတဲ့အတိုင်း ရလဒ် ထွက်မလာရင်ကော။

"မညစ်ဘဲနဲ့ သန့်သန့်ရှင်းရှင်း နိုင်တယ်ဆိုရင်တော့ ကျနော်တို့ လက်ခံရမှာပဲ။ ညစ်တယ် ဆိုရင်တော့ ကျနော်တို့ ကာကွယ်တားဆီး ရမယ်။ ဝေဖန် အကြံပြုရမယ်။ စောဒက တက်ရမယ်ပေါ့ဗျာ။ အဲဒီလို အချက်အလက်တွေနဲ့ သွားရမှာဖြစ်တဲ့အတွက် လူတဦးချင်း တယောက်ချင်းရဲ့ သဘောထားကွဲမှုကတော့ သူ့လွတ်လပ်ပိုင်ခွင့်ပါ။"

ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မဲဆွယ်ကြတဲ့နေရာမှာ အဓိကအားဖြင့် လက်ငင်းအကျိုးနဲ့ ရေရှည်အကျိုး၊ ဒီနှစ်ခုကို ပြောပြီး တော့ ကိုယ်စားလှယ်တွေ မဲဆွယ်တာကို တွေ့ရတယ်။ ဆိုတော့ ဘယ်တခုကို အလေးပေးမလဲ။

"ပါတီကြီးတခုကတော့ လက်ငင်းအကျိုးပေါ့ဗျာ၊ တိုင်းပြည်ရဲ့ ပိုက်ဆံတွေနဲ့ လူတွေကို ဖုန်းတွေ ချပေးမယ်၊ မြေကွက်တွေ ပေးမယ် ပေါ့။ လက်ငင်းအကျိုးကို ပေးတဲ့အခါ လက်ငင်းအကျိုး လိုနေတဲ့လူက လက်ငင်းအကျိုးနောက် လိုက်မှာ ပေါ့ဗျာ။ လက်ငင်းအကျိုး မယူဘူး၊ လောလောဆယ်ဘာမှ မလိုချင်ဘူး၊ အနာဂတ်အတွက် ကောင်းမွန်အောင် တည်ဆောက်နေကြတာ ဒီအချိန်တော့ စွန့်လွှတ်အနစ်နာ ခံကြမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးရှိတဲ့ လူတွေလည်း အများကြီး ရှိပြန်ပါတယ်။

ဘယ်သူ့ကိုမဆိုပေါ့ဗျာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအားလုံး တကယ်နစ်နာခဲ့တဲ့၊ တကယ်တိုင်းပြည်အတွက် လုပ်ပေးမယ်လူတွေ ဘက်ကပဲ နေစေချင်ပါတယ်။ ဒါပေမယ့် လွတ်လပ်စွာ ကွဲလွဲခွင့်လည်း ရှိပါတယ်။"

ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ရန်ကုန်မှာ ထူးခြားမှု ဘာသတိထားမိလဲ။

"ရန်ကုန်မှာ ထူးခြားတဲ့အခြေအနေကတော့ ကျနော်တို့ဆိုရင် NLD စတစ်ကာတွေ ကားတွေမှာ ကပ်ထားတာပေါ့။ ကိုယ်ပိုင်ကားတွေနဲ့ ကားကြီးကားကောင်း တော်တော်များများက အဲဒါမျိုးတွေ ကပ်တာ မတွေ့ဘူးဗျ။ တက္ကစီတွေ ဘတ်စ်ကားတွေက ကပ်ထားကြတယ်။ အဲဒီတော့ ဆင်းရဲသား ပြည်သူလူထုက အမေ့ဘက်က ဆိုတာမျိုး ဖြစ်နေတာ
တော့ တွေ့ရတယ်။"

ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ရင်ထဲက ဆန္ဒတခုကို ပြောပါဆိုရင်။

"အမေစုတို့ကိုတော့ နိုင်စေချင်တာပေါ့ဗျာ။ စိတ်ချမ်းသာစေချင်တာပေါ့။ တသက်လုံး ခံစားခဲ့ရတဲ့လူတွေဆိုတော့ ဒီတချီမှာတော့ သူတို့ကို ပြည်သူလူထုက အပြည့်အဝ ထောက်ခံသွားတယ်ဆိုတာမျိုး ကျနော်တို့က ဖြစ်စေချင်တယ်။ ကရုဏာပေါ။့ ကျနော်တို့ရဲ့ စေတနာပါ။"

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့