Saturday, March 31, 2012

ရွှေငါး၊ ဖားပြုပ်၊ စက်ရုပ်နှင့် ပရာဒို တို့ ကားဈေးကွက်အတွင်း နေရာယူ

အောင်ကြည်
မတ်လ ၃၀ ရက် ၂၀၁၂ ခုနှစ်

ကားဟောင်း အစားထိုး လဲလှယ်ရေး အစီအစဉ်အရ ကားသစ်များကို ၂ဝဝ၆ ခုနှစ် မော်ဒယ် အထိ တင်သွင်းခွင့် ပြုနေသော်လည်း လက်ရှိ ကားဈေးကွက်အတွင်း ၂ဝဝဝ ခုနှစ် ဝန်းကျင် မော်ဒယ် ကားများသာ နေရာယူဆဲ ဖြစ်သည်ဟု ကားဝယ်ရောင်းများနှင့် ဈေးကွက်လေ့လာ သူများက ဆိုသည်။

၂ဝ၁၂ ခုနှစ်အတွင်း တင်သွင်းလာသည့် ကားအမျိုးမျိုးရှိသော်လည်း ရန်ကုန် ဈေးကွက်တွင်မူ တိုယိုတာ မတ်တူး ရွှေငါး၊ တိုယိုတာ ကာဒီးနား စက်ရုပ်၊ မစ်ဆူဘီရှီ ပဂျဲရိုး ဖားပြုပ် နှင့် တိုယိုတာ ပရာဒိုကားများသာ အရောင်းအဝယ် လိုက်ကြောင်း မြန်မာကား ဒီဘီ (myanmarcarsdb) ဝက်ဆိုဒ်မှ ဒါရိုက်တာ တဦးဖြစ်သူ ဦးဝေဖြိုးလင်း က ပြော သည်။


“တိုယိုတာ မတ်တူး ရွှေငါး ၂ဝဝ၁- ၂ဝဝ၂ ဝန်းကျင် တွေဆို ကား အခြေအနေပေါ် မှုတည်ပြီး ဈေးအမျိုးမျိုးရှိပေမယ့် ကျပ်သိန်း ၃ဝဝ ဝန်းကျင်ကားတွေပဲ အရောင်းအဝယ် ဖြစ်တာ များပါတယ်။ အခြားကားတွေထဲက တိုယိုတာ ကာဒီးနား ၂ဝဝ၂ မော်ဒယ် ပါဝါရိန်းဂျား စက်ရုပ်တွေဆို ကျပ်သိန်း ၃၅ဝ နဲ့ ၃၆ဝ ဝန်းကျင်၊ မစ်ဆူဘီရှီ ပဂျဲရိုး ဖားပြုပ် ၁၉၉၉ မော်ဒယ်တွေဆို ကျပ်သိန်း ၅ဝဝ ဝန်းကျင်နဲ့ တိုယိုတာ ပရာဒို ၁၉၉၉ မော်ဒယ်တွေဆို ကျပ်သိန်း ၆ဝဝ ဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်ကြပါတယ်”ဟု ဦးဝေဖြိုးလင်းက ဆိုသည်။

ထိုကဲသို့ ၂ဝဝဝ ခုနှစ် ဝန်းကျင် ကားဟောင်းများကိုသာ ဝယ်ရောင်းများက မှာယူ တင်သွင်းနေကြခြင်းသည် ပြည်တွင်း မှ ကားဝယ် သူအများစုသည် အခြားအမျိုးအစား ကားများကို ဝယ်ယူစီးနင်းပါက အပိုပစ္စည်း ဝယ်ယူရန် အခက်အခဲများ နှင့် မော်ဒယ် မြင့် ကား များကို ဝယ်ယူပါက ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်ရာတွင် ပြည်တွင်း ကားဝပ်ရှော့များက ကောင်းစွာပြုပြင်နိုင်ခြင်း မရှိသေးသော ကြောင့် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ကားဝယ်ရောင်းများက ဆိုသည်။

“၂ဝ၁၁ ခုနှစ် မော်ဒယ်တွေကို အခုနှစ် နှစ်ဆန်းပိုင်းက စပြီး တင်သွင်းခွင့် ပေးနေပေမယ့် ဈေးနှုန်းမြင့်တော့ ကိုယ်တိုင် စီးမယ့် သူတွေ သာ တင်းသွင်းကြပြီး ကားဈေးကွက်အတွင်း အရောက် နည်းပါးသေးတယ်” ဟု ဦးဝေဖြိုးလင်း က ဆိုသည်။

ထို့အတူ အင်ဂျင်ပါဝါ ၁,၃ဝဝ စီစီအောက်ကားများကို ၂ဝဝ၇ မှ ၂ဝ၁၁ မော်ဒယ်ထိ တင်သွင်းခ အခွန် ၇ဝ ရာခိုင်နှုန်း သာ ကောက်ခံ လျက် ရှိသော်လည်း ကိုယ်တိုင် စီးနင်းမည့် သူများသာ တင်သွင်းကြပြီး အများစုမှာ ဟွန်ဒါ (Honda-Fit) ကားများနှင့် တိုယိုတာ (Toyota- Vitz) အမျိုးအစားများကိုသာ တင်သွင်းလျက် ရှိသည်ဟု ၎င်းက ဆိုသည်။

အင်ဂျင် ၁,၃ဝဝ စီစီ အောက် ကားများကို ၂ဝ၁၁ ခုနှစ်အထိ တင်သွင်းခွင့် ပြုထားရာ မည်သည့်မော်ဒယ်မဆို ဆိပ်ကမ်းအရောက် CIF တန်ဖိုး ၅,ဝဝဝ ဒေါ်လာအထိသာ ကောက်ခံလျက်ရှိသည်ဟု လည်းဆိုသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တဦး၏ ပြောကြားချက်အရ မတ်လ ၂၆ ရက်နေ့အထိ တနိုင်ငံလုံးတွင် စုစုပေါင်း ကားဟောင်း စီးရေ ၄၅,ဝဝဝ ကျော် အပ်နှံပြီး ဖြစ်သည်ဟု ဆိုသည်။

“၂ဝ၁ဝ စက်တင်ဘာလ ၁၉ ရက်နေ့က စပြီး နှစ် ၄ဝ ကျော်နဲ့ ၃ဝ ကျော်၊ ၂ဝ ကျော် အက္ခရာများဖြစ်တဲ့ ကားဟောင်း အပ်နှံမှုလုပ်ငန်းကို ဆောင်ရွက်ပေးနေရာမှာ ‘စ’ အက္ခရာကနေ ‘ပ’ အထိ ပါဝင်ရာမှာ အခု မတ်လ ၂၆ ရက်နေ့မှာ ‘ဓ’ အက္ခရာထိ ကားဟောင်း အပ်နှံမှု တွေကို ဆောင်ရွက်ပေးဆဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

တနိုင်ငံလုံးတွင် ‘ဓ’ အက္ခရာ ကားဟောင်း စုစုပေါင်း ၈,ဝဝဝ ကျော်ရှိရာ မတ်လ ၂၆ ရက်နေ့အထိ အစီးရေ ၄,ဝဝဝ ကျော် အပ်နှံပြီး ဖြစ်ကာ လာမည့် ဘဏ္ဍာနှစ်တွင် ‘န’ နှင့် ‘ပ’ အက္ခရာ ကားဟောင်း အပ်နှံမှုများကို ဆက်လက် ဆောင်ရွက်ပေးသွား မည်ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ကားဝယ်ရောင်း လုပ်ကိုင်သူ ကိုချစ်ဝင်းက “ကားဟောင်း အပ်နှံပြီး ကားသစ် တင်သွင်းတဲ့ အစီအစဉ်ကို လုပ်ပေးနေပေမယ့် တင်သွင်းလာတဲ့ ကားတွေက အင်ဂျင်ပါဝါ ၂,ဝဝဝ စီစီ အထက် ကားတွေပဲ များပြီး ပြည်တွင်း လိုအပ်ချက် ဝယ်လို အားနဲ့ ကိုက်ညီမှု မရှိသေးပါဘူး” ဟု ဆိုသည်။

“ကားဟောင်း ပိုင်ရှင်အများစုက နိုင်ငံခြားက ကားသစ် ကိုယ်တိုင်မသွင်းနိုင်ကြတာ များပါတယ်။ ကားဟောင်းတွေကို ရောင်းပြီး တခြား ကားတွေကို ပြန်ဝယ်တဲ့အခါမှာ ၈၆ မော်ဒယ် အထက် ကားဟောင်းဈေးတွေက သိန်း ၁ဝဝ ကျော် ပေါက်ဈေး ရှိပါတယ်” ဟု ကိုချစ် ဝင်းက ပြောသည်။

အထူးသဖြင့် တက္ကစီဆွဲ ကားဟောင်းပိုင်ရှင်များအတွက် ၈၆ မော်ဒယ်အထက် ကားဟောင်းများကို ပြန်ဝယ်ပါကလည်း ဓာတ်ဆီကားသာ အဝယ်များသည်။ လက်ရှိ ဓာတ်ဆီဈေးနှင့် အောက်တိန်းဈေးများ တက်နေသဖြင့် ဂတ်စ် ကားများနှင့်ယှဉ်ကာ ယှဉ်ပြီးအငှားမလိုက် နိုင်ကြ အတွက် လုပ်ငန်းအတွက် အခက်အခဲတွေ့နေရကြောင်း ၎င်းက ဆိုသည်။

ကားဟောင်းအပ်နှံ ကားသစ်တင်သွင်းသည့် အစီအစဉ်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဆောင်ရွက်ပေးလျက် ရှိရာတွင် ကုန်သွယ် လုပ် ငန်းခွန်နှင့် ဆိပ်ကမ်းခွန်ကို ဆိပ်ကမ်းအရောက် တန်ဖိုးအပေါ် ၆၅ ရာခိုင်နှုန်းနှင့် ကုန်းလမ်း ပို့ဆောင်ရေးဌာန (ကညန) မှ ယာယီ မှတ်ပုံတင်ကြေး ၁ဝဝ ရာခိုင်နှုန်း ကောာက်ခံလျက်ရှိရာ ထိုကောက်ခံနှုန်းသည် လိုင်စင်မဲ့ တရားမဝင် ယာဉ်များကို ဒဏ်ကြေးသဖွယ် ကောက်ခံနေခြင်း ဖြစ်နေသဖြင့် အဆိုပါ လုပ်ထုံးလုပ်နည်းကို ရပ်ဆိုင်းကာ ပြန်လည် သုံးသပ်ဆောင်ရွက်ပေးရန် ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက လွှတ်တော် အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့သည်။

၎င်းအဆိုနှင့်ပတ်သတ်၍ ရထားပို့ဆောင်ရေး ဒုဝန်ကြီး ဦးသန့်ရှင်းက မတ်လ ၂၃ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြန်လည် ဆွေးနွေးတင်ပြရာတွင် ကုန်လမ်း ပို့ဆောင်ရေးဌာန အနေဖြင့် ယာယီမှတ်ပုံတင်ခ အဖြစ် ၁ဝဝ ရာခိုင်နှုန်း ကောက်ခံမှုကို ရပ်စဲပြီး၊ ၎င်းအစား ၁၉၆၄ မော်တော်ယာဉ် ဥပဒေ ပုဒ်မ ၄ အရ လည်းကောင်း၊ ၁၉၈၉ ခုနှစ် မော်တော်ယာဉ်နည်းဥပဒေအရ လည်း ကောင်း၊ ဗဟို မှတ်ပုံတင်အဖွဲ့က မှတ်ပုံတင်မည့် ယာဉ်များ မှတ်ပုံတင်ခ၌ အခွန်ဦးစီးဌာနမှ တွက်ချက်သည့် CIF တန်ဖိုးအပေါ် FOB နှုန်းအား တွက်ချက်ရယူပြီး အင်ဂျင်ပါဝါ စီစီအလိုက် ခွဲခြား၍ နိုင်ငံတကာ နည်းတူ ကောက်ခံ ဆောင်ရွက်သွားမည်ဟု ပြန်လည် ဆွေး နွေးခဲ့သည်။

သို့ရာတွင် ထိုကဲ့သို့ နိုင်ငံတကာနည်းတူ ကောက်ခံသွားမည်ဟု ဆိုသော်လည်း မည်သည့်နိုင်ငံ၊ မည့်သည့်နှုန်းထားများ အတိုင်း ကောက် ခံမည် ဆိုသည်ကိုမှု မတ်လ နောက်ဆုံးပတ်အထိ သက်ဆိုင်ရာမှ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့