Wednesday, March 28, 2012

ပြည်ပ အထည်ချုပ်လုပ်ငန်း ရင်းနှီးမြှုပ်နှံသူတွေ မြန်မာပြည်ကို စိတ်ဝင်စားလာ

March 27, 2012
နေသွင်

မြန်မာပြည်က အထည်ချုပ်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ ပြည်ပက လုပ်ငန်းရှင်တွေ အခု လပိုင်းတွေမှာ စုံစမ်းမှုတွေ သိသိသာသာ များလာတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း က ပြောပါတယ်။

အထူးသဖြင့် ထိုင်း၊ တောင်ကိုရီးယား၊ ဂျပန် စတဲ့ အာရှနိုင်ငံတွေ သာမက ဥရောပနိုင်ငံ တချို့ က ရင်းနှီးမြှုပ်နှံသူတွေလည်း လာရောက် စုံစမ်းနေကြတယ် လို့ အသင်းက ဆိုပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာပြည်မှာ ရှိနေတဲ့ နိုင်ငံခြားနဲ့ ကုန်သွယ်ရေးဆိုင်ရာ အကန့်အသတ်တွေ၊ အသစ်ရေးဆွဲနေတဲ့ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ အလုပ်သမား ဥပဒေတွေ အပေါ်မှာ မူတည်ပြီး မြန်မာပြည်ကို အနည်းနဲ့အများ ၀င်ရောက်လာဖွယ် ရှိတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းရဲ့ ဥက္ကဋ္ဌ ဦးမြင့်စိုး က ပြောပါတယ်။

“ဘုရားပွဲ လူလာသလိုပါပဲ။ လာသမျှ သူတွေသာ ရင်းနှီးမြှုပ်နှံမှု လုပ်ဖြစ်မယ် ဆိုရင် ကျနော်တို့တိုင်းပြည်က ၆ လအတွင်းကို သူဌေးဖြစ် နိုင်တယ်။ တရုတ်အထည်ချုပ်တွေ မနည်းဘူး။ ဟိုတလောကကို ဟောင်ကောင်က ၂ဖွဲ့၊ ထိုင်း ၄ ဖွဲ့၊ စက်မှုလက်မှုလုပ်ငန်းများ အသင်း ချုပ်ကို စောင့်တယ်။ နောက် စားသုံးမှုနှုန်းတွေ များ မများ၊ ပြီးရင် အလုပ်သမား အဖွဲ့အစည်း ဥပဒေတွေက ဘယ်လို လုပ်ဆောင်သလဲ ဆိုတာတွေစောင့်မယ်။ ဒါတွေကို ကြည့်ပြီးရင် သူတို့လာမှာပဲ။

သူတို့က အရင် သတင်းအချက်အလက်တွေ စုဆောင်းတာပေါ့။ ကျနော်တို့နဲ့ အချိတ် အဆက်တွေ ယူထားတယ်။ သူတို့လာရင် ရင်းနှီး မြှုပ်နှံလို့ ရမလား၊ ငါတို့ ဘယ်နေ့ ဆိုရင် စပြီး မှတ်ပုံတင်ဖို့လုပ်မယ်၊ ဘယ်နေရာ ဒေသကို ကြိုက်တယ်။ ဒါကို ငှားပေးပါ။ ငှားချင်တယ်၊ ဒါမျိုးတွေတော့ မရှိသေးဘူး။ သူတို့ပြောတာတော့ စီးပွားရေးပိတ်ဆို့မှု မဖွင့်သေးပဲနဲ့ သူတို့ဒီမှာလာပြီး စီးပွားရေး မလုပ်နိုင်သေးဘူး။ သူတို့ပြောလို့ ကြားပေမယ့် ကိုယ်က တွေးကြည့်လည်း ရတာပဲ။ ဒါပေမယ့် ပိတ်ဆို့မှု ရုပ်သိမ်းဖို့ ဖြစ်နိုင်ခြေ ရှိတယ်လို့ လာတဲ့သူတွေက ၉ပြောနေကြတယ်။ ဘယ်တော့ ပိတ်ဆို့ ဒဏ်ခတ်တာတွေကို ရုပ်သိမ်းမယ် ဆိုတာကို ခန့်မှန်းရ ခက်တယ်။ ဖြစ်နိုင်ချေတော့ ရှိတယ်။”

မြန်မာပြည်ရဲ့ နှစ်စဉ် နိုင်ငံခြားပို့ကုန်က ရတဲ့ ၀င်ငွေမှာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့၊ စိုက်ပျိုးရေး ထုတ်ကုန်၊ ကျောက်မျက်တို့ ပြီးရင် အထည်ချုပ်လုပ်ငန်းက ရတဲ့ ၀င်ငွေဟာ စတုတ္ထ အများဆုံး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေရဲ့ ကုန်သွယ်ရေး အကန့်အသတ်တွေ ချမှတ်ထားတဲ့ ကြားကပဲ အထည်ချုပ်လုပ်ငန်းက အရင် တနှစ်ကထက် နှစ်ဆနီးပါး တိုးတက်ခဲ့တယ်လို့ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်က အထည်ချုပ်စက်ရုံ အရေအတွက်ဟာလည်း အရင်နှစ်ကထက် ၃၀ ရာခိုင်နှုန်း ပိုများခဲ့ပြီး၊ ရန်ကုန်နဲ့ ပဲခူးက အထည်ချုပ် စက်ရုံ တွေမှာ အလုပ်သမား ၁ သိန်း ၀န်းကျင် အလုပ်အကိုင်တွေ ရနေတယ် လို့ သူက ခန့်မှန်းပါတယ်။

“စက်ရုံတွေလည်း များလာတယ်။ ကျနော်တို့ ၂၀၁၀ အကုန်လောက်မှာ အသင်းဝင်က ၁၈၅ လောက်ရှိတယ်။ အခု ၂၀၁၂ လဆန်းပိုင်းမှာ ၂၃၅ ထိ ဖြစ်သွားတယ်။ ဒါပေမယ့် ပို့ကုန်ဈေးကွက်မှာ ပတ်သက်နေတာတော့ ၁၈၅လောက်ပဲ ရှိတယ်။ ကျန်တာတွေ ကတော့ ပြည်တွင်း ဈေးကွက်ပဲ။”

လောလောဆယ် မြန်မာပြည်က အထည် အလိပ်တွေကို ဂျပန် နဲ့ တောင်ကိုးရီးယား ဈေးကွက် ကို အများဆုံး တင်ပို့နေပြီး၊ ဂျာမနီ၊ စပိန်၊ နယ်သာလန်၊ အီတလီ စတဲ့ ဥရောပ နိုင်ငံတွေနဲ့ လက်တင်အမေရိက နိုင်ငံတွေကိုလည်း တင်ပို့နေတယ် လို့ သိရပါတယ်။

မြန်မာပြည်ကို အမေရိကန်နဲ့ ဥရောပရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ မတိုင်ခင်က အထည်ချုပ် စက်ရုံပေါင်း ၄၀၀ ၀န်းကျင် ရှိခဲ့ပြီး အထည်ချုပ် စက်ရုံအလုပ်သမား ၂ သိန်း ၀န်း ကျင် ရှိခဲ့တယ် လို့ သိရပါတယ်။

အထည်ချုပ်စက်ရုံ အလုပ်သမားတွေဟာ လုပ်ခလစာနည်းပါးတာ၊ အလုပ်သမား အခွင့် အရေး ချိုးဖောက်ခံရတာတွေကြောင့် ဆန္ဒပြမှု တွေ မကြာခဏ ဖြစ်ပေါ် လေ့ရှိပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့