Saturday, March 31, 2012

ဟပွေးသန်းလွင် ကို မွန်ပြည်သစ် အသေဖမ်းမိ

ကွန်းချမ်း
မတ်လ ၃၀ ရက် ၂၀၁၂ ခုနှစ်

မွန်အမျိုးသား ကာကွယ်ရေးတပ် အမည်ဖြင့် လှုပ်ရှားနေသည့် မွန်လက်နက်ကိုင်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ဟပွေးသန်းလွင် (ခေါ်) ကိုရင်လေးမှာ သောကြာနေ့ နံနက်ပိုင်းတွင် မွန်ပြည်သစ်ပါတီ၏ လက်နက်ကိုင် တပ်မတော်နှင့် ဖြစ်ပွားသည့် ရင်ဆိုင်တိုက်ပွဲကြောင့် ကျဆုံးသွားပြီး ဖြစ်ကြောင်း မွန်ပြည်သစ်က ပြောသည်။

နံနက် ၇ နာရီခွဲတွင် မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင် ကြားအင်းဆိပ်ကြီးမြို့နယ် နောင်ဘုရင့်ရွာနှင့် တောင်ပေါက်ရွာ ကြားတွင် ဖြစ်ပွားသည့် ရင်ဆိုင်တိုက်ပွဲကြောင့် ဟပွေးသန်းလွင်နှင့် သူ့တပ်ဖွဲ့ဝင်တဦးတို့အား အသေဖမ်းဆီးရမိသည် ဟု မွန်ပြည်သစ်ဘက်က ပြောသည်။

“ကျနော်တို့ နယ်မြေအတွင်းမှာ ဆပ်ကြေးကောက်ပြီး ဝင်ရောက်လှုပ်ရှားနေလို့ ကျနော်တို့ တပ်ဖွဲ့နဲ့ တိုက်ပွဲ ဖြစ်ပွား ရတာပါ” ဟု မွန်ပြည်သစ်၏ မဟာမိတ်နှင့် နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာပိန်ခိုင်းက မဇ္ဈိမကို ပြောသည်။

ထိုတိုက်ပွဲမှ လက်နက်ရှည် လေးလက်၊ လက်နက်တို တလက်နှင့် စကားပြောစက် တလုံးကိုလည်း သိမ်းဆည်းရမိ သည်ဟုလည်း ဆိုသည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်တွင် လှုပ်ရှားနေသည့် ထိုလက်နက်ကိုင်အဖွဲ့မှာ ပြန်ပေးမှုများ၊ ဆပ် ကြေးကောက်မှုများဖြင့် ကြော်ကြားလျက်ရှိခဲ့သည်ဟု မွန်ပြည်သစ်ပါတီမှ ပြောသည်။

၂ဝ၁၁ ခုနှစ်အတွင်းက ဇွန်လ ၁၁ ရက်နေ့နှင့် အောက်တိုဘာလ ၂၁ ရက်နေ့များကလည်း မုဒုံ-သံဖြူဇရပ်ကြားတွင် လမ်းဖောက်နေ သည့် AK ကုမ္ပဏီမှ ဝန်ထမ်းများကို ထိုအဖွဲ့က ပြန်ပေးဆွဲမှု နှစ်ကြိမ်ဖြစ်ခဲ့ဖူးကြောင်း ဒေသခံများက ပြောသည်။

ဟပွေးသန်းလွင် (ခေါ်) ကိုရင်လေးမှာ မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်ဟောင်းဖြစ်ပြီး ၂ဝဝ၉ ခုနှစ်တွင် နောက်လိုက် အနည်းငယ်ဖြင့် မွန်အမျိုးသားကာကွယ်ရေးတပ် ဖွဲ့စည်းလှုပ်ရှားခဲ့ခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့